ဘားအံ - ဇန်နဝါရီ (၂၃)

            ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဥပ္ပါတသန္တိပါဋ္ဌိတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်း အနားကို ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၄ နာရီခွဲခန့်က ဘားအံမြို့ကျက်သေရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧ စေတီတော် ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပသည်။

            အခမ်းအနားသို့ ပြည်နယ်ဩဝါဒါစရိယဇွဲကပင်တောင်ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇ အမှူးပြုသော ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။

            ထို့နောက် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဂေါပကအဖွဲ့နာယကဦးကျော်သိန်းမှ ဘုရား၊တရား၊သံဃာ အမှူးပြုသော သက်ဆိုင်ရာကန်တော့ပွဲများကို အပ်နှံလှူဒါန်း၍ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဝတ်အသင်းအဖွဲ့များက ပြည်နယ်ဩဝါဒါစရိယ ဇွဲကပင်တောင်ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီ ဘဒ္ဒန္တ ကဝိဓဇ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည်  ပြည်နယ်ဩဝါဒါစရိယဇွဲကပင်တောင် ကျောင်းဆရာတော်အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ဓမ္မကထိကဗဟုဇနဟိတဓရသီရိပျံချီဘဒ္ဒန္တကဝိဓဇထံမှဩဝါဒ ကထာနာယူကြည်ညိုကြပြီး အမိတာရာမရဲကျောင်းတိုက်ဆရာတော်မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဂုဏလင်္ကာရ ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ရုတ်သိမ်းသည်။

            ဆက်လက်၍ ဝတ်ရွတ်အဖွဲ့ခေါင်းဆောင်တစ်ဦးက နတ်ဗြဟ္မာတို့အား ပင့်ဖိတ်၍ ဝတ်အသင်းအဖွဲ့များမှ အစီအစဉ်အလိုက် ဥပ္ပါတသန္တိပါဋ္ဌိတော်ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ဥပ္ပါတသန္တိပါဋ္ဌိတော်ရွတ်ဖတ်ပူဇော်ခြင်းကို ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်၌ (၉)ရက်၊ သေဋ္ဌမာရ်အောင်ဘုရားကြီး၌ (၉)ရက် စုစုပေါင်း(၁၈)ရက်ကြာ ရွတ်ဖတ်ပူဇော်သွား မည်ဖြစ်ပါသည်။