ဘားအံ ဇူလိုင် ၇
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ် သည့် အသက်(၃)နှစ်မှ(၅)နှစ်အထိ ကလေးသူငယ်ပြုစုစောင့်ရှောက်သူများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုး ထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းဆင်းပွဲကို ဇူလိုင်လ ၇ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လူငယ်စင်တာ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းဆင်းဆရာမများအနေဖြင့် သင်တန်းကရရှိသည့်အတွေ့ အကြုံ၊ ဗဟုသုတ၊ နည်းပညာများကို လုပ်ငန်းခွင်တွင် အမှန်တကယ်ပြန်လည်အသုံးချပြီး လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုး တိုးတက်အောင် မိမိရပ်ရွာရှိ မူကြိုအရွယ်ကလေးသူငယ်များကို နိုင်ငံတော်ကအားထားရသည့် သားကောင်းရတနာများ ဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကတို့က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းသူတစ်ဦးက ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အသင်းဝင်အဆိုပြုလွှာများကို ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကထံ ပေးအပ်ကာ ပြည်နယ်လူမှုရေးဝန်ကြီးက သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းဆင်းဆရာမများကိုယ်စား ဆရာမတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး သင်တန်းဆင်းဆရာမများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ က ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါသင်တန်းကို သင်တန်းသူ ၃၂ ဦးက တစ်လကြာသင်တန်းတက်ရောက်ပြီးစီး၍ သင်တန်းဆင်းခဲ့ကြခြင်းဖြစ် ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများပြောကြားကာ ကလေးငယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးရေးအထောက်အကူပြုပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြ သည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ကြသည့် ကရင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ ဝန်ထမ်းသား၊သမီးများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်း အနားကို ဇူလိုင် လ ၇ ရက်နေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းသား၊ကျောင်းသူများအားလုံး မိမိတို့၏အိမ်မက်များ ကို လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွက်ပြီး ပညာရည်မြင့်မားကာ အနာဂတ်နိုင်ငံတော်အတွက် အကျိုးပြုနိုင်သည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လေးဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ နှစ်ဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ နှစ်ဦးတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမင်းရွှေက တစ်ဘာသာဂုဏ်ထူး ဖြင့်အောင်မြင်သူနှစ်ဦးနှင့် ရိုးရိုးအောင်ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယနေ့ဂုဏ်ပြုသည့်အခမ်းအနားတွင် ကျောင်းသား၊ကျောင်းသူ ၁၃ ဦးအား စုစုပေါင်းငွေကျပ် နှစ်ဆယ့်ကိုးသိန်း လေးသောင်းကျပ်ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ်မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီတို့၏ (၂/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီတို့၏ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လယ်ယာမြေ ဥပဒေကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာရန် လိုအပ်ပြီး လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ အခြားနည်း သုံးစွဲခြင်း၊ အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်မှုမရှိခြင်းတို့ကို ဥပဒေနှင့်အညီစိစစ်ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့်ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ကော်မ တီတို့၏ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးအောင်လွင်က ဒေသတွင်း လယ်ယာမြေ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများအပေါ် စီမံဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်လယ်ယာ မြေစီမံ ခန့်ခွဲမှုအဖွဲ့နှင့်ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီတို့၏ အတွင်းရေးမှူး ပြည်နယ်မြေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးဦးညွန့်လွင်က လယ်ယာမြေစီမံခန့်ခွဲရေးကိစ္စရပ်များနှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံ ခန့်ခွဲရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက သက်ဆိုင်ရာခရိုင်/မြို့နယ်များအလိုက် မြေယာစီမံ ခန့်ခွဲရေးဆိုင်ရာများကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုး သမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင် ကွက်သစ်ရှိ ဇွဲကပင်အားကစား ကွင်း၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဘောလုံးအသင်း(၇)သင်း၊ အားကစားသမားပေါင်း ၁၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြို့နယ်အသီးသီးမှပြိုင်ပွဲဝင်အားကစားသမားများအနေ ဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်း ဥပဒေဘောင်အတွင်းမှ အနိုင်ရရှိအောင် ကြိုးစားယှဉ်ပြိုင်၍ ဒိုင်လူကြီးများ၏ အဆုံးအဖြတ်ကို လေးစားလိုက်နာကာ အကောင်းဆုံးယှဉ်ပြိုင်ကစားသွားကြစေလိုကြောင်း တိုက်တွန်းပြောကြား၍ ပြိုင်ပွဲ ကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ငွေကျပ် ၃၀ သိန်းစီကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် အဖွင့်ပွဲစဉ်အဖြစ် မြဝတီမြို့နယ်အသင်းနှင့် လှိုင်းဘွဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် မြဝတီမြို့ နယ်အသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။















