ဘားအံ - ဖေဖော်ဝါရီ (၂၆)
၂၀၂၆ ခုနှစ်၊ မီးမြင်းနှစ် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညဦးပိုင်းက ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကျန့်တိတ်တရုတ်အမျိုးသားဘုံကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများ တက် ရောက်အားပေးချီးမြှင့်သည်။
ညစာစားပွဲသို့တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား ဘားအံကျန့်တိတ်ဘုံကျောင်း လူကြီးများက လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်က ဆွေမျိုးပေါက်ဖော် ညီအစ်ကိုရင်းချာ စိတ်ဓာတ်ကိုအရင်းခံပြီး အပြန်အလှန် လေးစားမှု၊ နားလည်မှုတို့ဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်၍ တရုတ်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ စာပေ၊ ဘာသာစကားတို့ကို လက်ဆင့်ကမ်းထိန်းသိမ်းဖော်ထုတ်မြှင့်တင်၍ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ယခင်ကထက် ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိ သူများအား ကျန့်တိတ်ဘုံကျောင်းလူကြီးများက တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့် ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ကျန့်တိတ်ဘုံကျောင်းလူကြီးများ၊ Grand Dragon & Golden Lion အဖွဲ့မှ လူငယ်များ၊ အမျိုးသမီးအဖွဲ့များက နှစ်သစ်ကူးအထိမ်းအမှတ် ညစာစားပွဲကို အတူတကွသုံးဆောင်ခဲ့ကြကာ ညစာစားပွဲ အပြီးတွင် Grand Dragon အဖွဲ့က ကပြဖျော်ဖြေရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး၍ နှစ်သစ်ကူးအထိမ်းအမှတ် အန်ပေါင်းများပေးအပ်ချီးမြှင့်ခဲ့ပါသည်။















