ဘားအံ - ဇူလိုင် (၁၉)
ကရင်ပြည်နယ်အတွင်း အသေးစား၊အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ပေးနေမှုများကို လုပ်ငန်းရှင်များသိရှိစေရန်နှင့် လုပ်ငန်းရှင်များ လက်တွေ့ကြုံတွေ့နေရသည့်အခက်အခဲများကို ဖော်ထုတ် ဆွေးနွေးဖြေရှင်းပေးနိုင်ရေး စီမံဆောင်ရွက်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဒေသတွင်း MSME စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံပွဲကို ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ် အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တက်ရောက်လာသောလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းအောင်မြင် မှုများ၊ အခက်အခဲများကို ပွင့်လင်းစွာမျှဝေဆွေးနွေးပေးကြစေလိုပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်း၊ ဆန်းသစ်တီထွင် ခြင်းတို့မှတဆင့် ပြည်နယ်၏အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းကဏ္ဍ ပိုမိုတိုးတက်ခိုင်မာလာအောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီစက်လုပ်ငန်းရှင်များသမဝါယမအသင်း၊ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ မျိုးစေ့ ထုတ်လုပ်သူများအသင်း၊ ဒူရင်းစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် စီးပွား ရေးလုပ်ငန်းများက ၎င်းတို့၏လုပ်ငန်းဆောင်ရွက်မှုများ၊ စိုက်ပျိုးကြိတ်ခွဲထုတ်လုပ်တင်ပို့မှုများ၊ စက်မှုကုန်ကြမ်းရရှိမှု၊ ရင်းနှီးမတည်ငွေလိုအပ်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ကရင်ပြည်နယ် အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များနှင့်ဆက်စပ်ဌာနများမှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး အေဂျင်စီနာယက ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။















