ဘားအံ - ဖေဖော်ဝါရီ (၁၄)

            ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ကျောင်းသူစုစုပေါင်း ၂၁၇၄၁၃ ဦး ရာခိုင်နှုန်းအားဖြင့် ၉၅ ရာခိုင်နှုန်းဖြေဆိုလျက်ရှိကြောင်း သိရသည်။

            ထိုသို့နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာမူလတန်းဆင့် Grade-4၊ အလယ်တန်းဆင့် Grade-6-7-8၊  အထက်တန်းဆင့် Grade-10-11-12 ကျောင်းသား၊ကျောင်းသူများ ၆၉၈ ဦးတို့၏ နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

            ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ၊ဆရာမ နေအိမ်တည်ဆောက်နေမှုအားကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ၌ မူလတန်းဆင့် Grade-4၊အလယ်တန်းဆင့် Grade-6-7-8၊  အထက်တန်းဆင့် Grade-10-11-12 ကျောင်းသား၊ ကျောင်းသူ ၇၅၉ ဦး နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါကျောင်းတွင်  (၁၃၀ပေ x ၃၀ပေ) RCC နှစ်ထပ်စာသင်ဆောင်သစ်တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စာသင်ဆောင်သစ် ၈၀ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ခဲ့သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း အားကစားကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ကျောင်းသူများ လွတ်လပ်ပျော်ရွှင်စွာ အားကစားလှုပ်ရှားမှုများဆောင်ရွက်နိုင်ရေး ကျောင်းအားကစားကွင်းအား အဆင့်မြှင့်တင်ပေးနိုင်ရန် တာဝန်ရှိသူများ မှာကြားခဲ့ပါသည်။