ဘားအံ - ဇွန် (၁၈)
ကရင်ပြည်နယ်အတွင်း အာဟာရကြွယ်ဝသည့် ငါးသယံဇာတပေါများ၍ စားနပ်ရိက္ခာဖူလုံပိုလျှံစေရေးအတွက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်အတွင်း နှစ်လက်မအောက်ခံအရွယ် ငါးသားပေါက်ကောင်ရေ ရှစ်သိန်း သုံးသောင်းကျော်ကို သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင်း ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ရာ ဇွန်လ ၁၈ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ တရုတ်လှမြစ်ရေတင်စီမံကိန်း နေရာ၌ သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။
ငါးမျိုးစိုက်ထည့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်က လေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသည့် နှစ်လက်မအောက်ခံအရွယ် ငါးခုံးမကြီးကောင်ရေ ၉ သောင်း၊ ရွှေဝါငါးကြင်း ၁ သောင်း စုစုပေါင်းငါးသားပေါက်ကောင်ရေ တစ်သိန်းကို သံလွင်မြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။
ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတပေါများပိုလျှံစေရေးအတွက် နှစ်စဉ် သဘာဝရေပြင် များအတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးလျက်ရှိပြီး ယခုနှစ်တွင် ဘားအံမြို့နယ်၌ ၃ ကြိမ်၊ မြဝတီမြို့နယ်၌ ၁ ကြိမ် စုစုပေါင်း ငါးမျိုးစိုက်ထည့်ပွဲ ၄ ကြိမ်ဖြင့် ငါးကောင်ရေ ၂ သိန်း ၃ သောင်းကျော်ကို ငါးမျိုးစိုက်ထည့်ပြီးဖြစ်ကာ ယခုစိုက်ထည့်ပေးခဲ့ သည့် ငါးမျိုးများသည် သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင်း ရှင်သန်ပေါက်ပွားကြီးထွား၍ ငါးသယံဇာတကို တိုးပွားစေကာ ဒေသခံတိုင်းရင်းသားပြည်သူများမှ အလွယ်တကူ ဖမ်းယူစားသုံးနိုင် မည်ဖြစ်ပါသည်။















