ဘားအံ -ဩဂုတ် (၃၀)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးမွေးမြူရေးဇုန်အား သွားရောက် ကြည့်ရှု စစ်ဆေးရာရှင်းလင်းဆောင်၌ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးဒေါက်တာတင်နွယ်ရီက ဇုန်၏ အချက်အလက်များ၊ ဇုန်အတွင်းမွေးမြူထားရှိမှု၊ ဇုန်၏ထုတ်လုပ်မှုအခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူထားရှိများကို ရှင်းလင်းတင်ပြပြီး ဇုန်ကော်မတီဥက္ကဋ္ဌက ဇုန်တွင်းလမ်း၊ ကုန်ထုတ်လမ်းများဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တိရစ္ဆာန်ကောင်ရေတိုးချဲ့မွေးမြူနိုင်ရေးနှင့် မွေးမြူလုပ်ကိုင်ခြင်းမရှိသူများအား ဖယ်ရှားရှင်းလင်း၍ မွေးမြူလိုသူများအားပြန်လည်နေရာချထားပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားကာ မွေးမြူရေး တောင်သူများအား တိရစ္ဆာန်သုံးဆေးဝါးများနှင့်အာဟာရဆားခဲများကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးထွန်းထွန်းနိုင်၏ ဥစားကြက် ၁၀၀၀ ကောင်မွေးမြူရေးခြံ၊ တောင်သူဦးမင်းကိုကို၏ အသားတိုးဝက် ၂၀ ကောင်မွေးမြူရေးခြံ၊ တောင်သူဦးမောင်သန်းလွင်၏ အသားစားကြက် ၈၀၀ ကောင် မွေးမြူရေးခြံတို့ကို သွားရောက်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံတက် ရောက်ကုသမှုခံယူနေသူများအား တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသဆောင်ရွက်ပေးထားမှုနှင့်ကျန်းမာရေးတိုး တက်ကောင်းမွန်လာမှုအခြေအနေများကို မေးမြန်းအားပေးစကားများပြောကြားပြီး အာဟာရဖြည့်စွက်အစားအစာများ ချီးမြှင့်ပေးအပ်ကာ အဆိုပါဆေးရုံတွင်တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအတွက် အထွေထွေအသုံး စရိတ်ငွေကျပ်(၃)သန်းနှင့် အခြေခံစားကုန်များကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ဇွဲမာန်အားကစားကွင်းသို့သွားရောက်ပြီး ဘောလုံးကွင်း၊ မိုးလုံလေလုံအားကစားခန်းမနှင့် ကာယဗလအားကစားရုံတို့တွင် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး အတွက် အားကစားကွင်းနှင့်အားကစားရုံများ၏ ကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ကောင်းမွန် စေရေးအတွက် စနစ်တကျတာဝန်ယူထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ဘားအံ-လှိုင်းဘွဲကားလမ်းမကြီး ဘေးတွင် လှိုင်းဘွဲမြို့နယ်အတွင်း မိုးသီးနှံထွန်ယက်စိုက်ပျိုးကြမည့် တောင်သူများအား ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ် ဖြင့် စက်သုံးဆီများရောင်းချပေးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅ အုပ်စုမှ မိုးသီးနှံစိုက်ပျိုးကြမည့် တောင်သူ ၁၂၅ ဦး၏ စိုက်ဧက ၃၈၀ ဧကအတွက် စက်သုံးဆီ ၇၆၀ ဂါလံအား ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးတောင်သူများ အနေဖြင့် မြေဩဇာနှင့်သွင်းအားစုများကို သက်သာသောနှုန်းထားဖြင့်အလွယ်တကူရရှိနိုင်ရေး တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။















