ဘားအံ - ဇူလိုင် (၃၀)

            ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းကာ မြစ်ရေ ချောင်းရေများမြင့်တက်လာသည့်အတွက် ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ အနိမ့်ပိုင်းလူနေရပ်ကွက်/ကျေးရွာများအတွင်း ရေများဝင်ရောက်၍ ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်အတွင်း ရှိရေဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများသွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးနှင့်လှိုင်းဘွဲမြို့တွင်းလမ်းပိုင်း အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှုကြောင့် ရေကျော်နေမှုနှင့်လမ်းထိခိုက်မှုအခြေအနေ၊ လမ်းဘေးဝဲယာရှိ စိုက် ပျိုးပြီးမိုးစပါးစိုက်ခင်းများ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးမှုအခြေအနေများကို မော်တော်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမနှင့်မြို့မဂျာမေဗလီ ရေဘေးကယ်ဆယ်ရေးစခန်းတို့တွင် ယာယီပြောင်းရွှေ့နေထိုင်သော ရေဘေးသင့်ပြည်သူများအား အောင်ဆန်းခန်းမ၌ တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် သဘာဝဘေးကိုကြိုတင်မျှော်တွေးတွက်ဆ၍ ပြည်နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကို နှစ်ကြိမ်တိုင်တိုင်ကျင်းပပြီး ထိခိုက် ဆုံးရှုံးမှုအနည်းဆုံးဖြစ်ရန်၊ အရေးပေါ်တုံ့ပြန်နိုင်ရန်နှင့် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရန် ကြိုတင်စီမံဆောင်ရွက်ထားပါကြောင်း၊ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်စဉ်ကာလအတွင်း စည်းလုံးညီညွတ် စွာဖြင့် အေးချမ်းပျော်ရွှင်စွာနေထိုင်သွားကြစေလိုကြောင်း အားပေးစကားများပြောကြားပြီး အိမ်ထောင်စု ၈၇ စု၊ လူဦးရေ ၄၀၂ ဦးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေ ၈၄၄၂၀၀(ရှစ်သိန်းလေးသောင်းလေးထောင်နှစ်ရာ)ကျပ် တို့ကို ထောက်ပံ့ပေးအပ်ပြီး ရေဘေးသင့်ပြည်သူများအသင့်စားသုံးနိုင်ရန် နေ့လည်စာ ထမင်းဘူးများ ဝေငှပေးခဲ့ကြ သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့၊ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်မှု အခြေအနေ၊ စိုက်ပျိုးပြီးသီးနှံများ ရေကြီးနစ်မြုပ်မှုအခြေအနေ၊ လူနေအိမ်များရေနစ်မြုပ်မှုအခြေအနေများကို စက်တပ်လှေငယ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာရှိ ဆိုင်ကလုန်းရှက်တာ (Cyclone Shelter) ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်း‌ရွှေ့နေထိုင်သော ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး အဆိုပါကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၅၉ စု ၊ လူဦးရေ ၂၄၆ ဦး တို့အား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥအစရှိသော စားသောက်ကုန်ပစ္စည်းများ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေ ၅၁၆၆၀၀(ငါးသိန်းတစ်သောင်းခြောက်ထောင်ခြောက်ရာ)ကျပ်ကို ထောက်ပံ့ပေးအပ်ပြီး ရေဘေးသင့်ပြည်သူများ အသင့်စားသုံးနိုင်ရန်အတွက် နေ့လည်စာထမင်းဘူးများကို တစ်ဦးချင်စီလိုက်လံဝေငှပေးခဲ့ကြသည်။

            ကရင်ပြည်နယ်တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေချောင်းရေများမြင့်တက်ပြီး ရေကြီးရေလျှံမှုများဖြစ်ပွားရာ ဘားအံ၊ လှိုင်းဘွဲ၊ ရွှေဂွန်း၊ ကမမောင်း၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့များတွင် ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းအချိန်ထိ ယာယီကယ်ဆယ်ရေးစခန်းပေါင်း ၆၀ ခုနှင့် နီးစပ်ရာ ဆွေမျိုးများနေအိမ်များတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စုပေါင်း ၇၃၅၀ ရှိပြီး လူဦးရေ နှစ်သောင်းရှစ်ထောင်ကျော် ပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ စေတနာရှင်အလှူရှင်များက လိုအပ်သည့်ကူညီထောက်ပံ့မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။