ဘားအံ - စက်တင်ဘာ (၇)
ဒေသတွင်းစားသုံးမှုဖူလုံပြီ ပိုလျှံသည်များအား ပို့ကုန်အဖြစ်တင်ပို့ရောင်းချနိုင်ရေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကို တိုးချဲ့လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှင့်တာဝန်ရှိသူများသည် ယခုနှစ်အတွင်း အသားပိဿာချိန် ကိုးသောင်းကျော် မွေးမြူထုတ်လုပ်ထားသော မိဇံ(ဝက်/ဆိတ်) မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မိဇံ(ဝက်/ဆိတ်)မွေးမြူရေးဇုန်အဝင်လမ်း၌ ဇီဝပိုးမွှားများအား သယ်ဆောင်နိုင်သော ယာဉ်၊ လူနှင့် တိရစ္ဆာန်များအား ကန့်သတ်ထိန်းချုပ်နိုင်ရန် ယာဉ်များပိုးသတ်ဆေးကန်နှင့် တိရစ္ဆာန် များအား Quarantine ထားရှိသည့်နေရာတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ရှင်းလင်းဆောင်၌ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးဒေါက်တာတင်နွယ်ရီက မိဇံ(ဝက်/ဆိတ်)မွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ဇုန်အတွင်းလုပ်ကိုင်သောလုပ်ငန်းရှင် များ၊ ဇုန်ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးလုပ်ငန်းရှင်များက သယ်ယူပို့ဆောင်စရိတ်နှင့် တိရစ္ဆာန်အစာဈေးနှုန်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ ပို့ကုန်တင်ပို့နိုင်ရေးနှင့် ဇုန်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနမှ အခမဲ့ပေးအပ်သော တိရစ္ဆာန်အားဆေးနှင့်ခြံဖျန်းပိုးသတ်ဆေးများကို မွေးမြူရေးလုပ်ငန်းရှင်များထံ ချီးမြှင့် ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိဇံ(ဝက်/ဆိတ်)မွေးမြူရေးဇုန်တွင်း လုပ်ငန်းရှင်ဦးနေတိုး၏ ငါးမွေးမြူရေးကန်၊ လုပ်ငန်းရှင်နန်းအမီ၏ ဝက်မွေးမြူရေးခြံ၊ လုပ်ငန်းရှင်ဦးစောမောင်လေး၏ဝက်မွေးမြူရေးခြံ၊ တောင်သူ ဦးသန်းမင်းစိုး၏ ဆိတ်မွေးမြူရေးခြံ၊ တောင်သူဦးစောဘီဝင်း၏ ဆိတ်မွေးမြူရေးခြံ၊ အဆိုပါမွေးမြူရေးခြံများနှင့်ဆက်စပ်၍ အစ္စရေးမြက်ချို၊ နေဗီယာမြက်မျိုးများစိုက်ပျိုးထားရှိမှု၊ ဒေသကြက်နှင့်တိရစ္ဆာန်များတွဲဘက်မွေးမြူထားရှိမှုအခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည် များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ယန္တရားဂိုဒေါင်အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ် ဦးစီးမှူးက ဂိုဒေါင်အတွင်း ယာဉ်စက်ယန္တရာများ ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အသုံးပြု၍ မရတော့သည့် ယာဉ်စက်ယန္တရားအိုဟောင်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့ ပြန်လည် လွှဲပြောင်းအပ်နှံနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂၀)စက်မှုလယ်ယာစခန်း(ဘားအံ)ရှိ လက်တွန်းထွန်စက်၊ စပါးအစေ့ချစက်၊ ကောက်စိုက်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထွန်စက်ကြီးများနှင့် လယ်ယာသုံးကိရိယာပစ္စည်းများအား ပြင်ဆင်ရေးဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက ထွန်စက်များပြင်ဆင်နေ မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာကဏ္ဍတွင် စက်ကိရိယာများတိုးတက်သုံးစွဲနိုင်ရေးနှင့် ဌာန၏ လျာထားချက်များပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ရေး မှာကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။















