ဘားအံ - မေ (၁၁)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရကျောင်းတိုက် ဦးစီးပဓာန နာယက ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ ဖြိုးရေးဆိုင်ရာများလျှောက်ထားထင်ပြကာ ထီးဖိုးကလုံး-မြိုင်ကြီးငူလမ်း (သစ္စာလမ်းမကြီး) ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ် စတုတ္ထအကြိမ် ပြင်ဆင်ထိန်းသိမ်းစရိတ် ငွေကျပ် ၁၆၅၈ သိန်း၊ ဆန်၊ ဆီအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိုင်ကြီးငူပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာ ရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများကို မေးမြန်းအားပေးပြီး အာဟာရဖြည့်စွက်အစားအစာများထောက်ပံ့ ပေးအပ်ခဲ့ကာ အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံ၍ အထွေထွေအသုံးစရိတ်ငွေကျပ် ၃ သိန်းနှင့် စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၂၄၀ သန်းဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ လင်းလွန်းမြိုင်ရပ်ကွက်တွင် သံလွင်မြစ်မှမြစ်ရေတင်စနစ်ဖြင့်ဆောင်ရွက်သည့် မြိုင်ကြီးငူအထူးဒေသရေရရိရေး လုပ်ငန်း ဂါလန်(၁၀၀၀၀၀)ဆံ့ အလျား ၈၀ ပေ၊ အနံ ၇၀ ပေ၊ အမြင့် ၈ ပေခွဲရှိ ရေလှောင်ကန်တည်ဆောက်ခြင်း လုပ်ငန်းအားကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်ပြည်နယ်ဦးစီးမှူးဦးကျော်စွာဦးက ရေလှောင်ကန်နှင့် ရေစစ်ကန် ၁၀၀ ရာခိုင်နှုန်းတည်ဆောက်ပြီးစီးမှုနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးမှာကြားသည်။
အလားတူ မကြာမီကာလအတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင်စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများ၊ ကျောင်းသား မိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ဆရာ၊ဆရာမများ စုစုပေါင်းအင်အား ၁၆၅၀ ဦးခန့်သည် ယာဉ်၊ယန္တရားများအသုံးပြု၍ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလက်စတစ်နှင့် စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်းအစရှိသော စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှု များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါကျောင်းများ၌ ကျောင်းဆောင်၊ စာသင်ခန်း၊ ပရိဘောဂ၊ သင်ထောက် ကူပစ္စည်း၊ သန့်စင်ခန်းများနှင့် ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းနေပျော်၍ပညာတော်သောကျောင်းသား၊ ကျောင်းသူများဖြစ်စေရန် စာသင်ကျောင်းများအား သန့်ရှင်းသပ်ရပ်သောပတ်ဝန်ကျင်ကောင်းများအဖြစ် အစဉ်ဖန်တီး ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့သံခါကျေးရွာအုပ်စု၊ ကော့ဒွန်းကျေး ရွာ၊ ကွင်းအမှတ် ၁၁၂၈/၁၂၂၇ W ရှိ တောင်သူဦးအောင်ဝင်းပါ ၇ ဦး၏ ဆင်းသုခတစ်ကွင်းတစ်ဆက်တည်း ဧက ၆၀ နွေစပါးစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တစ်ဧကပန်းတိုင် ရည်မှန်းချက်အထွက်နှုန်း ပြည့်မီရေးကြိုးပမ်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများနှင့် တွေ့ဆုံကာ လာမည့်စပါးစိုက်ရာသီတွင် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စံပြစိုက်ခင်းများအဖြစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆွေးနွေးမှာကြားကာ တောင်သူများအား မိုးစပါးစိုက်ရာသီအတွက် သစ်စိမ်းမြေဩဇာ ပိုက်ဆံ လျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။