ဘားအံ -  ဩဂုတ် (၁၁)

            ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၄ နာရီခွဲအချိန် တိုင်းတာချက် အရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၂၃ စင်တီမီတာသို့ရောက်ရှိနေပြီး အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်းသို့ မြစ်ရေများစီးဝင်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရေဝင်ရောက်မှုအခြေအနေနှင့်အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အနိမ့်ပိုင်းလူနေရပ်ကွက်များဖြစ်သော ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ အုတ်မှုတ်စိန်လမ်းနှင့်အောင်နန်း(၄)လမ်း လမ်းဆုံ၊ ရော်ဘာခြံ(၄)လမ်း၊ အမှတ်(၂)ရပ်ကွက် သီတာအရှေ့လမ်းတို့တွင် လူနေရပ်ကွက်များအတွင်း သံလွင်မြစ်ရေဝင်ရောက်မှုအခြေအနေနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေး ရာ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များက သံလွင်မြစ်ရေ ယခုထက်ပိုမိုမြင့်တက်လာပါက မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေး နေထိုင်သူများ ရေလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ရေး၊ ယာယီရေဘေးစခန်းများဖွင့်လှစ်ပေး နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြစ်ရေဝင် ရောက်မှုကြောင့် ၎င်းတို့နေအိမ်တွင် ဆက်လက်နေထိုင်ရန်မသင့်တော့သည့်ပြည်သူများအား ဘေးလွတ်ရာယာယီရေဘေး စခန်းများသို့ အချိန်နှင့်တစ်ပြေးညီ ပြောင်းရွှေ့နေရာချထားပေးနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်မှာကြားကာ လိုအပ် သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

            ဘားအံမြို့နှင့်သံလွင်မြစ်ကမ်းဘေးနေထိုင်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ခရိုင်/မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ယာယီရေဘေးစခန်း(၂၇)ခုကို ဖွင့်လှစ်ပြောင်းရွှေ့ပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်း မုန့်ညဈေးတန်းနေရာနှင့် အမှတ်(၄)ရပ်ကွက် ကမ်းနားလမ်း View Point နေရာတို့တွင် သံလွင်မြစ်ရေ မြင့်တက်လာမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။