ဘားအံ - မေ (၁၆)
ဘားအံစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အားပေးမြှင့်တင်နိုင်ရန်၊ နည်းပညာ၊ အရင်းအနှီးနှင့်ဈေးကွက်အထောက်အပံ့များရရှိနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေလ ၁၆ ရက်နေ့ နံနက် ၈ နာရီက အဆိုပါစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Precision Auto Engineering Co.,Ltd ၏ ဘားအံစက်မှုဇုန်ရှိ BAJA အမှတ်တံဆိပ် သုံးဘီးနှင့်မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်သည့်စက်ရုံတွင် နေ့စဉ်အလုပ်သမား ၆၀ ဦးခန့်ဖြင့် တစ်ရက်လျှင် BAJA RE နှင့် BAJA Maxima အမှတ်တံဆိပ်သုံးဘီးယာဉ် ၄၅ စီးခန့် တပ်ဆင်ထုတ်လုပ်၍ နိုင်ငံတစ်ဝန်း ဖြန့်ဖြူးရောင်းချပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ Precision Auto Engineering Co.,Ltd Ptoject general manager နှင့်တာဝန်ရှိသူများက ကုန်ကြမ်းရရှိမှုနှင့်လုပ်ငန်းလည်ပတ်မှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံခြားငွေသုံးစွဲမှုလျော့ချနိုင်ရေး စက်ပစ္စည်းအစိတ်အပိုင်းများ ပြည်ပမှမှာယူ တင်သွင်းမှုများကိုလျော့ချ၍ ပြည်တွင်း၌သာထုတ်လုပ်တပ်ဆင်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်ရှိ စောငမန်းရာဘာသစ်ပါးလွှာစက်ရုံ၌ အလုပ်သမား ၄၀ ဦးခန့်ဖြင့် အထပ်သားအခွံခွာအကြမ်းစက်၊ အထပ်သားအချောစက်၊ ဓါးသွေးစက်၊ ဖိသိပ်ထုတ်ပိုးစက် များဖြင့် ရာဘာသစ်ပါးလွှာထုတ်လုပ်ပုံအဆင့်ဆင့်၊ အရည်အသွေးခွဲခြားပါကင်ထုတ်ပိုးထားရှိမှုနှင့် ဈေးကွက်တင်ပို့မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဒေသတွင်းကုန်ကြမ်းရရှိမှု၊ သစ်ပါးလွှာထုတ်လုပ်မှု နှင့် ဈေးကွက်ရရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရာဘာသစ်ပါးလွှာထုတ်လုပ်ရာမှ ရာဘာအထပ်သား၊ ကြိတ်သား၊ သုံးထပ်သား၊ ငါးထပ်သား၊ ရာဘာသစ်အချောထည်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် စက်ရုံသို့ အဆင့်မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါစက်မှုဇုန်ရှိ Kyaw-3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေး လုပ်ငန်း၌ အလုပ်သမား ၃၀ ကျော်ဖြင့် တစ်ရက်လျှင်ကုန်ကြမ်းကော်စေ့ ၂ တန်ခန့်အသုံးပြု၍ ကော်ပစ္စည်းမျိုးစုံထုတ် လုပ်နေမှုအခြေအနေကိုလိုက်လံကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရှင်ဦးကျော်ဌေးဦးက ကုန်ကြမ်းရရှိမှုနှင့်ကုန်ချောထုတ် လုပ်တင်ပို့ရောင်းချမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းစွန့်ပစ်ပလပ်စတစ်နှင့် ကော်ပစ္စည်းများကို ကုန်ကြမ်းအဖြစ်ပြန်လည်သန့်စင်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
ဘားအံစက်မှုဇုန်သည်(၉၆၉)ဧကကျယ်ဝန်းပြီး စက်ရုံအလုပ်ရုံ(၂၉)ရုံ လုပ်ငန်းလည်ပတ်လျက်ရှိကာ တည် ဆောက်ဆဲစက်ရုံ(၁၄)ရုံနှင့် ဒေသခံပြည်သူအလုပ်သမား( ၃၇၀ ) ဦးခန့်အား အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး ပေးထားကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရေရရှိရေးအစရှိသည့် Infrastructure ပိုင်းကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးထားကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်ပရိဝုဏ်အတွင်း အဝီစိရေတွင်းများမှ ရေလိုက်နည်းပါးလာသဖြင့် ဘားအံခရိုင်မီးသတ်စခန်းနှင့်ဘားအံမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ရေသယ်ယာဉ် (၆)စီးဖြင့် စုစုပေါင်းရေဂါလံ ၉၆၀၀ အား သွားရောက်လှူဒါန်းပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားခဲ့ပါသည်။