ဘားအံ - မေ (၁၅)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အကွက် အမှတ်(၉၀၅)၊ ဈေးဟောင်းအကွက်၊ သီရိမဥ္ဇူလမ်းရှိ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော (၃)ခန်းတွဲ(၅)ထပ်ပြည်သူ့အငှားအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

            ဦးစွာ တည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်၌ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရိတ်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ (၅၅၅ ဒဿမ ၃၈၇)သန်းဖြင့် ThanLwin Archive Co.,Ltd မှ ၄၅၀ စတုရန်းပေရှိ အခန်းပေါင်း ၁၂ ခန်းပါဝင်သော (၃)ခန်းတွဲ(၅)ထပ် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်ကယခုအဆောက်အဦတည်ဆောက် သည့်မြေနေရာသည် ဘားအံမြို့၏ မြေနိမ့်ပိုင်းနေရာတွင်တည်ရှိပြီး နှစ်စဉ်ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ရလေ့ ရှိသည့်အတွက် ရေဘေးလွတ်ရာအမြင့်သို့ရောက်အောင် စနစ်တကျတွက်ချက်တည်ဆောက်ရန် မှာကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး ရေ၊ မီး၊ မိလ္လာ လုပ်ငန်းများစနစ်တကျထည့်သွင်းတည်ဆောက်နိုင်ရေး၊ မိုးများသည့်ဒေသဖြစ်သည့်အတွက် ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများစနစ်တကျထည့်သွင်းတည်ဆောက်ပေးနိုင်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီအချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းတည်ဆောက်ကြရန် မှာကြားခဲ့သည်။

            ဆက်လက်၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကိုအကျိုးရှိစွာအသုံးချနိုင်ရန် အတွက် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နွေရာသီအဆင့်မြင့်အားကစားသင်တန်းကို ဘောလုံး၊ ဘော်လီဘော၊ ပိုက် ကျော်ခြင်း၊ ဘက်စကက်ဘော၊ ကြက်တောင်၊ ဂျူဒို၊ ကရာတေး အစရှိသော အားကစားနည်း(၇)နည်းဖြင့် ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ရာ မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက စုပေါင်းသင်တန်းဆင်းပွဲကို ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

            အဆိုပါသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနမှကြီးမှူး၍ သင်တန်းသား၊သင်တန်းသူ စုစုပေါင်း(၂၃၆)ဦးဖြင့် မေလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ သင်ကြားပို့ချ ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုသင်ကြားပို့ချပေးခဲ့သည့် လေ့ကျင့်ခန်းများသည် အားကစားသမားများအတွက် အဆင့်မြင့်လေ့ကျင့်မှုများဖြစ်သည့်အတွက် ပိုမိုကျွမ်းကျင်ပိုင်နိုင်ပြီး ထူးချွန်သော အားကစားသမားများဖြစ်လာအောင် ဆက်လက်လေ့လာလိုက်စားကစားသွားကြရန်လိုကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အားကစား လှုပ်ရှားဆောင်ရွက်မှုမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်လာသည့်ဗလငါးတန်ကိုအသုံးချပြီး ကရင်ပြည်နယ်နှင့်နိုင်ငံတော်၏ နောင်အနာဂတ်ကာလများတွင် အားကိုးအားထားပြုလောက်သည့် ထူးချွန်ထက်မြတ်သူများအဖြစ် မိမိကိုယ်ကိုပြုစု ပျိုးထောင်သွားကြရန် တိုက်တွန်းလိုကြောင်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က  သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက နွေရာသီအဆင့် မြင့်အားကစားသင်တန်း အားကစားနည်းများအလိုက် ဆုရအားကစားသမားများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ ကြသည်။

            ယင်းနောက် နွေရာသီအဆင့်မြင့်အားကစားသင်တန်း ကရာတေးအဖွဲ့၊ဂျူဒိုအဖွဲ့နှင့်Fitness Dance အဖွဲ့များ မှ သရုပ်ပြဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွေရာသီအဆင့်မြင့် အားကစားသင်တန်းမှ သင်တန်းသား၊သင်တန်းသူများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ သင်တန်းသား၊ သင်တန်းသူ၊ နည်းပြများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပါသည်။