ဘားအံ - ဇွန် (၁၉)
ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များ နေထိုင်မှုအဆင်ပြေ ချောမွေ့စေရန်၊ ဝန်ထမ်းများစိတ်အေးချမ်းသာစွာဖြင့် ၎င်းတို့၏တာဝန်ဝတ္တရားများကို အပြည့်အဝထမ်းဆောင်နိုင်ရန် အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်များကို ဆောက်လုပ်နေရာချထားပေးလျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ(၂)ထပ်အဆောက်အဦဖွင့်ပွဲကို ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါအဆောက်အဦရှေ့၌ ကျင်းပသည်။
ကရင်ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ RCC ၄ ခန်းတွဲ ၂ ထပ် အဆောက်အဦသစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးအေးမင်းထွေး၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နော်သန်းသန်းငြိမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ပန်းပွား ၊ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဝန်ထမ်းအိမ်ရာအဆောက်အဦ၏ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖြန်းပေး၍ အဆောက်အဦအားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ အဆိုပါဝန်ထမ်းအိမ်ရာသစ် ကို ပြည်နယ်အစိုးရအဖွဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၂၃ ဒဿမ ၇၆၅ သန်းဖြင့် အကုန်အကျခံတည်ဆောက်ပေးခဲ့ကာ နေထိုင်သူများအဆင်ပြေစေရန် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၆ ဒဿမ ၅ သန်း ဖြင့် အဝင်ရေမြောင်းတံတား ၁၆ပေ x ၁၄ပေ နှစ်စင်း၊ အိမ်ရာဝင်းအတွင်း ၁၄ပေ အကျယ်ကွန်ကရစ်လမ်း ၁၂၀ပေ၊ ရေ၊ လျှပ်စစ်မီး၊ ကွန်ကရစ်အုတ်တံတိုင်းနှင့် ကားပါကင်တို့ကို လင်းထက်ခိုင်ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည် ဆောက်ပေးခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် က ယခုဝန်ထမ်းအိမ်ရာတွင် နေထိုင်ကြမည့်ဝန်ထမ်းများနှင့်မိသားစုများအနေဖြင့် မိမိတို့၏ကိုယ်ပိုင်အိမ်များကဲ့သို့ နေထိုင် ထိန်းသိမ်းစောင့်ရှောက်ကြစေလိုပြီး အသင့်တပ်ဆင်ပေးထားသော လျှပ်စစ်မီး၊ ရေနှင့်အခြားအသုံးအဆောင်ပစ္စည်းများကို စည်းကမ်းရှိစွာအသုံးချ၍ အဆောက်အဦအတွင်း၊အပြင်အပါအဝင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေး အတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး ပြည်နယ်ဥပဒေအရာရှိက ကရင်ပြည်နယ် ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာအဆောက်အဦနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။















