ဘားအံ - ဇွန် (၂၂)
ဘားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းသည် ဧရိယာအားဖြင့်(၉၂၈ ဒဿမ ၉၃)ဧက ကျယ်ဝန်းပြီး မြေကွက်ပေါင်း ၅၄၀၀ ကျော်ဖော်ထုတ်အကောင်အထည်ဖော်ခဲ့ရာ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာ များ၊ စာသင်ကျောင်း၊ ဈေး၊ ပန်းခြံ၊ အဝေးပြေးယဉ်ရပ်နားစခန်း၊ အားကစားကွင်း၊ သုဿာန် စသည်ဖြင့်ပါဝင်ပြီး ယခုအခါ လူနေ အိမ်ပေါင်း ၃၁၀ ကျော်ဆောက်လုပ်ပြီးစီးနေထိုင်လျက်ရှိကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သည် ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တောင်ကလေးတိုးချဲ့မြို့ပြ အိမ်ရာစီမံကိန်း၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ ကိုကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းကွပ်ကဲအုပ်ချုပ်မှု ကော်မတီရုံး(ရှင်းလင်းဆောင်)၌ ကော်မတီဥက္ကဋ္ဌ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင် နှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများက တောင်ကလေးမြို့ပြအိမ်ရာစီမံကိန်းတွင် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့သည့်လုပ်ငန်း များ၊ လမ်းလုပ်ငန်းနှင့် Box Culvert ၊ Pipe Culvert များထည့်သွင်းတည်ဆောက်မှုအခြေအနေ၊ လျှပ်စစ်မီးလုပ်ငန်း၊ ရေရှိရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လူနေအိမ်များသို့ ရေပေးဝေနိုင်ရေး စည်ပင်သာယာရေးအဖွဲ့မှ ကွင်းဆင်းတွက်ချက်၍ပြန်လည်တင်ပြရန်၊ လမ်းဘေးဝဲယာသစ်ပင်များ စိုက်ပျိုးနိုင်ရန်၊ ရဲကင်းစခန်းမြေနေရာထားရှိရန် မှာကြား၍ လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အတွင်း လူငယ်၊လူရွယ်များမှ နည်းပညာနှင့်သက်မွေး ပညာရပ်များကို မိမိဒေသအတွင်း၌ပင် လေ့လာသင်ကြားခွင့်ရရှိပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်သည်အထိ လေ့ကျင့် သင်ကြားပေးနိုင်ရန်နှင့် နိုင်ငံတော်အတွက် နည်းပညာရှင်၊ အတတ်ပညာရှင် လူစွမ်းအားအရင်းအမြစ်များမွေးထုတ် ပေးနိုင်ရန်အတွက် တောင်းကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းဧရိယာအတွင်းပါဝင်သော အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ) ကျောင်းသစ်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကျောင်းခန်းမ၌ အစိုးရနည်းပညာအထက်တန်း ကျောင်း(ဘားအံ)ကျောင်းအုပ်ကြီးက ပင်မ(၃)ထပ်ဆောင်၊ (၃)ထပ်စာသင်ဆောင်၊ Steel Structure (၁)ထပ်အလုပ်ရုံ၊ (၄)ခန်းတွဲ(၄)ထပ်ဆရာ/ဆရာမဆောင်၊ (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ၊ (၃)ထပ်ကျောင်းသားအိပ်ဆောင်နှင့် (၂)ထပ်ကျောင်းသူအိပ်ဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ကျောင်းစတင်ဖွင့်လှစ်နိုင်မည့်အခြေအနေ၊ အခြေခံ လိုအပ်ချက်များ၊ ကျောင်းသားခေါ်ယူမည့်အစီအစဉ်များနှင့် သင်တန်းအလိုက် ပေးအပ်မည့် ဘွဲ့/လက်မှတ်အမျိုးအစား များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အဆိုပါ ကျောင်းသစ်ဖွင့်လှစ်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၏ခရီးစဉ်ဒေသတစ်ခုဖြစ်သော တောင်ဝိုင်း တောင်ခြေရှိ ထူးဂုဏ်စံပြကျေးရွာတွင် စာအုပ်ပေါင်း ၃၀၀၀ ကျော်ခန့်ရှိသော ထူးမြတ်သစ္စာကိုယ်ထူကိုယ်ထစာကြည့် တိုက်ရှင်သန်ဖွံဖြိုးရေးအတွက် သွားရောက်ကြည့်ရှုအားပေးရာ စာကြည့်တိုက်တည်ထောင်သူဦးစောတင်မောင်စိန်က စာကြည့်တိုက်ဖြစ်တည်လာပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက်အသင်းဝင် ကျောင်းသား၊ကျောင်းသူများအား ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များစာအုပ်စာပေဖတ်ရှုခြင်း၊ စာကြည့်တိုက် များသို့သွားရောက်၍ စာဖတ်သည့်အလေ့အကျင့်ကောင်း များရှိနေမှသာ နောင်အသက်အရွယ်ရလာသည့်အချိန်တွင် စာဖတ်သည့်ဓလေ့များဖြစ်ထွန်းပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊စာဖတ်သည့်ဓလေ့စရိုက်ထွန်းကားပြီး စာကြည့်တိုက် များသို့သွားရောက်၍စာပေဖတ်ရှုခြင်းမှသည် စာဖတ်ရှိန်မြင့်မားကာအသိဉာဏ်ရင့်ကျက်၍ အမှားနှင့်အမှန်ကိုဝေဖန် ပိုင်းခြားနိုင်သော အများပြည်သူအားကိုးအားထား ပြုနိုင်သော နိုင်ငံ့သားကောင်းများပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ထူးမြတ်သစ္စာစာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေး ငွေကျပ်(၃)သိန်းနှင့်စာအုပ်၊ စာစောင်များကို ထောက်ပံ့ပေးအပ်ပြီး စာအုပ်စာစောင်များအား ကြည့်ရှုအားပေးကာ ကျောင်းသား၊ကျောင်းသူများ အား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။