ဘားအံ - မတ် (၁၆)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စေတီ၊ ပုထိုးများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြသည်။

            ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၊ တောင်တန်းသာသနာပြု(ဗဟို)ဘုန်းတော်ကြီးကျောင်း၊ သိရီဟေမာသီလရှင်စာသင်တိုက်နှင့် ဘားအံတက္ကသိုလ် တို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ခြုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်စေရေး ရေမြောင်းဖော်ခြင်း၊ စွန့်ပစ်ပလပ် စတစ်နှင့်အမှိုက်များရှင်းလင်းခြင်း အစရှိသည့် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများကို ယာဉ်၊ ယန္တရားများအသုံးပြုဆောင် ရွက်နေခြင်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

            ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီး အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ၄၉၂ ဒဿမ ၄၃၈ သန်းဖြင့် မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန် ယူဆောင်ရွက်သော စားပွဲတင်တင်းနစ်ခန်းမနှင့် Gym ခန်းမ(၇၀ပေ x ၈၀ပေ) RC နှစ်ထပ် အဆောက်အဦ ၉၈ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြား သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက် Cyclone Center တွင် ပြောင်းရွှေ့နေထိုင်သော ယာယီနေရပ်စွန့်ခွာသူများအား သွားရောက်တွေ့ဆုံအားပေး၍  လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီး စိန်ပန်းပြာလမ်းနှင့်စိန်ပန်းနီလမ်းထောင့်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃) မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ကရင်ပြည်နယ်ဧည့်ရိပ်သာ (၁၅၀ပေ x ၄၈ပေ) RC (၆)ထပ် အဆောက်အဦတည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ညို၊ အဆောက်အဦအထူးအဖွဲ့(၁၃) ဒုတိယညွှန်ကြားရေးမှူးဦးမြင့်သူနှင့် တာဝန်ရှိသူများက ကရင်ပြည်နယ်ဧည့်ရိပ်သာ အဆောက်အဦ မူလလုပ်ငန်းအပေါ် ၉၇ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှု၊ ဖြည့်စွက်လုပ်ငန်းအပေါ် ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လာမည့်ဘဏ္ဍာနှစ်များတွင် ထပ်မံတည်ဆောက်မည့် ဆက်စပ်အဆောက်အဦများ၊ ပြင်ပဆက်စပ်လုပ်ငန်းများ၊ တည်နေရာနှင့်ဒီဇိုင်းပုံစံတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆောက်အဦအထူးအဖွဲ့ (၁၃)၏ ကရင်ပြည်နယ် ဧည့်ရိပ်သာ တည်ဆောက်ရေးလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။