ဘားအံ - မတ် (၁၃)
၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများကို သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ရပ်ဝေးဒေသများမှ ဘားအံမြို့ပေါ်ရှိစာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းလာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်တွေ့ဆုံအားပေး၍ စားသောက်ကုန်များထောက်ပံ့ပေးအပ်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကရင်ကျောင်းသားများရိပ်သာရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား၊ကျောင်းသူ ၃၆ ဦးနှင့် ကြီးကြပ်ဆရာ၊ဆရာမများအား သွားရောက်တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အထူးအလေးထား၍ ပြီးမြောက်အောင်မြင်စွာဖြေဆိုကြကာ ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ကြပါစေကြောင်း အားပေးစကားများပြောကြား၍ ဆန် ၆ အိတ်၊ ဆီ ၁၄ ပိဿာနှင့် ကြက်ဥ ၃၆၀ လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်း၌ လာရောက် တည်းခိုနေထိုင်သည့် ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း ဝင်းဒရယ်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးနှင့် ကျောင်းသားမိဘများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြား၍ ဆန် ၃ အိတ်၊ ဆီ ၆ ပိဿာ၊ ကြက်ဥ ၁၄၅ လုံးတို့ကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အတုလရန်အောင်ကျောင်း၌ရောက်ရှိတည်းခိုနေသော ခြံက လေးအောင်ရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ အား သွားရောက်တွေ့ဆုံအားပေးရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခြံကလေးအောင်ရတနာကျောင်းဆရာတော် ဘဒ္ဒန္တဝိမလနှင့် အတုလရန်အောင်ကျောင်းဆရာတော်ဘဒ္ဒန္တတေဇောဘာသတို့အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျောင်းသား၊ ကျောင်းသူ ၇၈ ဦးနှင့် ကျောင်းသားမိဘများအား အားပေးစကားများပြောကြား၍ ဆန် ၁၁ အိတ်၊ ဆီ ၂၈ ပိဿာနှင့် ကြက်ဥ ၇၀၀ လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ကရင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်(၇)မြို့နယ် တွင် စာစစ်ဌာန(၁၁)ခုဖြင့် ၂၁၈၀ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ထောက်ပံ့မှုဖြင့် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက အားဖြည့်အချိုရည်များ၊ သီးစုံဓာတ်ဆားရည် များ ဝေငှပေးလျက်ရှိရာ မတ်လ ၁၃ ရက် မွန်းတည့် ၁၂ နာရီကျော်အချိန်တွင် ဘားအံမြို့ပေါ်ရှိ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အားဖြည့်အချိုရည်များဝေငှ၍ အားပေးစကားများ ပြောကြား ခဲ့ကြပါသည်။