ဘားအံ - ဇူလိုင် (၁၈)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင် ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းနှင့် ပညာရေးအသင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံးအသင်းနှင့် မီးသတ်ဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါဗိုလ်လုပွဲစဉ် အမျိုးသမီးပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားပြိုင်ပွဲ တွင် မီးသတ်ဦးစီးဌာနအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပြိုင်ပွဲအားပူးပေါင်းကူညီဆောင်ရွက်ပေးသော ကြက်ခြေနီ သူနာပြုတပ်ဖွဲ့အားဂုဏ်ပြုဆုငွေနှင့် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး စပေးဘော၊ ဆယ်မ၊ ပင့်ထောင်၊ ရိုက်ခုတ်၊ ပိတ်ဆို့ နှင့်အကောင်းဆုံးဆုရရှိကြသူများ၊ ပူးတွဲတတိယဆုရရှိသော လမ်းဦးစီးဌာန အသင်းနှင့် ဘားအံတက္ကသိုလ်အသင်း၊ ဒုတိယဆုရရှိသော ပညာရေးအသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက က အနိုင်ရ ဗိုလ်စွဲသွားသော အားကစားနှင့်ကာယပညာဦးစီးဌာနအမျိုးသမီးအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၀) သိန်းနှင့်ဆုဖလား တို့ကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက်အကောင်း ဆုံး စပေးဘော၊ ဆယ်မ၊ ပင့်ထောင်၊ ရိုက်ခုတ်၊ ပိတ်ဆို့ နှင့်အကောင်းဆုံးဆုရရှိကြသူများ၊ ပူးတွဲတတိယဆုရရှိသော ပညာရေးအသင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလား များကိုပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အနိုင်ရဗိုလ်စွဲသွားသော မီးသတ်ဦးစီးဌာနအမျိုးသားအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု (၁၀)သိန်းနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည်တည်တံရေး၊ ကျေးလက် နေပြည်သူများ ငါးရိက္ခာကိုပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်ရေးတို့ကို ရည်ရွယ်၍ ဘားအံငါးလုပ်ငန်းစခန်းနှင့် ကျုံဒိုးငါးလုပ်ငန်းစခန်းတို့မှ ငါးသားပေါက်များထုတ်လုပ်၍ သဘာဝ မြစ် ချောင်းအင်းအိုင်ဆည်မြောင်းတမံများအတွင်း ငါးမျိုးများစိုက်ထည့်လျက်ရှိရာ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၈ နာရီ ခန့်က ဘားအံမြို့နယ်၊ လှိုင်ကမ္ဘာကျေးရွာအုပ်စုရှိ ဒုံရင်းသဘာဝစမ်းရေတံခွန်အတွင်း ရှင်သန်ကြီးထွားရန် အကောင်း ဆုံးအရွယ်ရှိသည့် ငါးသားပေါက်ကောင်ရေတစ်သိန်းကို ငါးမျိုးစိုက်ထည့်ပေးကြသည်။
ငါးမျိုးစိုက်ထည့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် တက်ရောက်လာသော လှိုင်ကမ္ဘာကျေးရွာနှင့်ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော နှစ်လက်မအောက်ခံအရွယ်ရှိ ငါးမြစ်ချင်းကောင်ရေ ငါးသောင်းနှင့် ငါးခုံးမကြီးကောင်ရေ ငါးသောင်းတို့ကို ဒုံရင်းသဘာဝစမ်းရေတံခွန်အတွင်းငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီအတွင်း ဘားအံငါးလုပ်ငန်းစခန်းနှင့်ကျုံဒိုးငါး လုပ်ငန်းစခန်းတို့မှ ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော ငါးသားပေါက်ကောင်ရေ (ခုနှစ်သိန်းနှစ်သောင်း) ကျော်ကိုထုတ်လုပ်၍ ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ပြီး ယခုအခါ ငါးမျိုးစိုက်ထည့်ပွဲ( ၄ )ကြိမ်ဖြင့် ငါးသားပေါက် ကောင်ရေ (၃၇၀၀၀၀ )ကျော်ကို သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင် ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရကာ ငါးမျိုးစိုက်ထည့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရီးစဉ်ဒေသတစ်ခုဖြစ်သော ဒုံရင်းသဘာဝ စမ်းရေတံခွန် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ ဈေးဆိုင်ခန်းများစနစ်တကျရှိစေရေး ကြည့်ရှု စစ်ဆေးပြီး ရေတံခွန်ကန်ကျောက်စီရန်ကျန်နေသောအပိုင်းအား လာမည့်နှစ်တွင်လျာထားဆောင်ရွက်ရန်နှင့် လိုအပ် သည်များမှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ (၂၅)ကြိမ်မြောက် ကရင်ပြည်နယ်အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပရေး နာယက၊ ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကျင်းပရေးနာယက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က (၂၅)ကြိမ်မြောက် ငွေရတုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် အောင်မြင်မှုရရှိရေးနှင့် အဆင့်ရှိရှိ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြစေလိုပြီး ပြိုင်ပွဲအမျိုးအစားအားလုံးဝင်ရောက်ယှဉ်ပြိုင်၍ ရွှေ တံဆိပ်များရယူဆွတ်ခူးကာ စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည်အထိ ကြိုတင်လေ့ကျင့်ပြင်ဆင်ကြစေလိုကြောင်း၊ ပြည်နယ်အတွင်း ပြိုင်ပွဲများအဆင့်ဆင့်ကျင်းပ၍ ထူးချွန်သူများအား ကျွမ်းကျင်နည်းပြများဖြင့် စခန်းသွင်းလေ့ကျင့် စေမည်ဖြစ်ရာ လိုအပ်သည်များကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီးဦးစန်းကိုက ယခင်နှစ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုနှင့်ဆုရရှိမှုအခြေအနေ၊ ယခုနှစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲအဆင့်နှင့်ပြိုင်ပွဲအမျိုးအစား၊ ဘဏ္ဍာငွေသုံးစွဲမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြပြီး ကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့် ပြိုင်ပွဲများကျင်းပ၍ ဗဟိုအဆင့်ပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆွေးနွေးတင်ပြကာ လုပ်ငန်းကော်မတီအတွင်းရေးမှူးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ကြိုတင်ပြင်ဆင်ဆောင် ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ကရင်ပြည်နယ်အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကျင်းပရေးနာယက ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။