ဘားအံ - ဇူလိုင် (၂၀)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသား / အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံ လေလုံအားကစားရုံ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ဒီဂရီ၊ကောလိပ်၊သိပ္ပံများမှ အမျိုးသား ၇ သင်း၊ အမျိုးသမီး ၅ သင်း အားကစားသမားပေါင်း ၁၂၀ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြိုင်ပွဲဝင် အားကစား သမားများအနေဖြင့် မိမိတို့အသင်းအောင်မြင်မှုရရှိနိုင်ရန်အတွက် အားကစားစိတ်ဓာတ်ပြည့်ဝစွာ ၊ စည်းကမ်းကောင်းမွန်စွာ၊ အားကစာသမားကောင်းပီသစွာဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်း ဥပဒေဘောင်အတွင်းမှ အနိုင်ရအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများအား ရင်းနှီးနွေးထွေးစွာလိုက်လံတွေ့ဆုံနှုတ်ဆက်၍ ပြိုင်ပွဲဝင်အသင်းများကို ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် အဖွင့်ပွဲစဉ်အနေဖြင့် နည်းပညာတက္ကသိုလ်အသင်းနှင့် ကွန်ပျူတာတက္ကသိုလ်အသင်းတို့ယှဉ်ပြိုင် ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများ ဒေသခံအားကစားဝါသနာရှင်များ က ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် နည်းပညာတက္ကသိုလ်အသင်းက ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။















