ဘားအံ - ဇူလိုင် (၁၅)

            ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

            အဆိုပါပွဲတော်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

            ထို့နောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို အဆိုပါအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများ က သုတဝေဖြာမျှဝေရာ ပညာဘဏ်တိုက် စာကြည့်တိုက် Video Clip ကို ကြည့်ရှုခဲ့ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသားလူငယ်များသည် နိုင်ငံ၏မျိုးဆက်သစ်များ၊ အရေးပါသည့် အဖိုးတန်လူသား အရင်းအမြစ်များ၊ အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ကြရမည့်သူများဖြစ်သည့်အတွက် အသိပညာဗဟု သုတဉာဏ်ပညာကြွယ်ဝသူများဖြစ်ရန်လိုအပ်ကာ အကောင်းဆုံးနှင့်အရိုးရှင်းဆုံးနည်းလမ်းမှာ စာပေဖတ်ရှုလေ့လာ ခြင်းပင်ဖြစ်ကြောင်း၊ စာအုပ်စာပေများရရှိနိုင်သည့် စာကြည့်တိုက်များသို့သွားရောက်စာဖတ်ကြသည့်ဓလေ့၊ ဝင်ထွက် သွားလာသည့်အလေ့အကျင့်ကောင်းများကိုမွေးမြူနိုင်မှသာ အသက်အရွယ်ကြီးရင့်လာချိန်တွင် စာဖတ်သည့်အလေ့ အထများစွဲမြဲလာမည်ဖြစ်ပြီး သို့မှသာစာကြည့်တိုက်ယဉ်ကျေးမှုထွန်းကား၍ စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

            ယင်းနောက် ဘားအံပညာရေးဒီဂရီကောလိပ်နှင့် ဘားအံတက္ကသိုလ်တို့မှကျောင်းသား၊ကျောင်းသူများက တေးသီချင်းများဖြင့်ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း ကျေးရွာစာကြည့်တိုက် အဆောက်အအုံအသစ်ဆောက်လုပ်ရန်အတွက် ကျေးရွာစာကြည့်တိုက်တစ်တိုက်လျှင် ငွေကျပ်(၁၅၀)သိန်းနှုန်းဖြင့် ကျေးရွာစာကြည့်တိုက်(၅)တိုက်ကို  လှူဒါန်းပေးခဲ့ကြသောအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှလှူဒါန်းသော စာအုပ်စာစောင်များကို လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ် ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ခင်းကျင်းပြသထားသော ရွှေ့လျားစာကြည့်တိုက်မော်တော်ယာဉ် ၊ ကရင်တိုင်းရင်းသားစာပေဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ ဘားအံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ စာဖတ်ရှိန်မြှင့်တင်ရေး အထောက်အကူပြုပြခန်းများ၊ လှပသာယာပြည်မြန်မာဓာတ်ပုံပြပွဲများ၊ ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ (Khoot Quiz)၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ ပုဂ္ဂလိကစာအုပ်အရောင်းဆိုင်များနှင့်ချိတ်ဆက်၍ စာအုပ်ဈေး ရောင်းပွဲများ၊ အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ လူငယ်စာဖတ်ဝိုင်းနှင့် စာပေဟောပြောပွဲများတွင် ကျောင်းသား၊ကျောင်းသူများပျော်ရွှင်စွာ စာအုပ် စာပေလေ့လာဖတ်ရှုနေမှု၊ ပြိုင်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သုတ၊ရသ               စာအုပ်ပေါင်း ၃၀၀၀ ခန့်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်တွင် ကျောင်းသားလူငယ်များ စာပေဖတ်ရှုလေ့လာနေမှုတို့ကိုကြည့်ရှုအားပေးကာ ကျောင်းစာကြည့်တိုက်အတွက်ငွေကျပ်(၁၀)သိန်းကို ထောက်ပံ့ ပေးအပ်သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့် တင်ရေးပွဲတော်တွင် ပါဝင်ယှဉ်နွဲနေကြသော ကျောင်းသား၊ကျောင်းသူများအား နေ့လည်စာများဝေငှပေးခဲ့ပြီး အဆိုပါ ပွဲတော်ကို ကရင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများနှင့် အခြေခံပညာကျောင်းများတွင် တစ်လ တစ်ကြိမ်ကျင်းပသွားမည်ဖြစ်ပါသည်။