ဘားအံ - ဇွန် (၁၂)

            “ကလေးသူငယ်များအတွက် မျှတဖို့၊ လူကြီးများအတွက်သင့်လျှော်အလုပ်အကိုင်ဖန်တီးလို့၊ ကလေးအလုပ်သမား တားဆီးစို့ ”ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ်ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်မြေစိုက်ပိုစတာ Billboard စိုက်ထူခြင်းကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့အဝင် ရတနာဆင်ဖြူတော် ၄ စီးနှင့် ရွှေဖားစည် အဝိုင်း၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ Billboard ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင် နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များပက်ဖြန်းပေးကြကာ ပါဝင်အားဖြည့်ကူညီ ပေးကြသည့် ဘင်ခရာ၊ ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ အဆိုပါမြေစိုက်ပိုစတာရှေ့တွင် စုပေါင်းမှတ် တမ်းဓာတ်ပုံများရိုက်ကူးကြသည်။

            ဆက်လက်၍ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို နံနက် ၉ နာရီ က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီအနေဖြင့် လုပ်ငန်း ကော်မတီ(၈)ရပ်ကိုဖွဲ့စည်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းတာဝန်များကို အဓိကထားဆောင်ရွက် လျက်ရှိပြီး ပြည်နယ်အတွင်း ကလေးအလုပ်သမားလျော့နည်းလာစေရေးအတွက် လုပ်ငန်းကော်မတီအချင်းချင်းသော်လည်း ကောင်း၊ သက်ဆိုင်ရာဌာနများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်သော်လည်းကောင်း၊ စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းရှင်များ၊ ရပ်ရွာပြည်သူလူထုများမှလည်း အချင်းချင်းဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

            ထို့နောက် ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီအတွင်းရေးမှူး၊ ဥပဒေရေးရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန် လည်ကုစားရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးတို့က  ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များ၊ ကလေးအလုပ်သမားနှင့် စပ်လျဉ်းသည့် ဥပဒေရေးရာကိစ္စရပ်များ၊ အန္တရာယ်ရှိသောအလုပ်နှင့်လုပ်ငန်းခွင်များမှ ကလေးအလုပ်သမားများဖယ်ရှား ရေး နှင့် သင့်လျော်ကောင်းမွန်သည့်အလုပ်အကိုင်ရရှိရန် သက်မွေးကျောင်းများသို့ တက်ရောက်နိုင်စေရေး စီမံဆောင်ရွက် ချက်များကို ရှင်းလင်းတင်ပြကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသော ရပ်မိရပ်ဖများ၊ စက်ရုံ၊အလုပ်ရုံ များမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ခင်ကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ် ပုံများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။