ဘားအံ - ဇူလိုင် (၂၂)

            မိုးစပါးအပါအဝင် တစ်နှစ်လျှင် နှစ်သီးမှသုံးသီးစိုက်ပျိုးပြီး စားရေရိက္ခာဖူလုံပိုလျှံကာ တောင်သူများဝင်ငွေ တိုးတက်ရရှိစေရန်အတွက် မြေဆီလွှာကောင်းမွန်၍ အပင်အာဟာရကောင်းမွန်စွာရရှိနိုင်သော သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထယ်ထိုးမြေမြှုပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အိန္ဒုကျေးရွာ အနီးရှိ ကမော့ကပိုမျိုးသန့်ခြံ၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြေဆီလွှာကောင်းမွန်ပြီး အပင်အာဟာရလုံလောက်စွာရရှိနိုင်မှ သာ သီးနှံများကို စဉ်ဆက်မပြတ်စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ရာ မြေဩဇာသွင်းအားစုနှင့်ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းသက်သာ၍ သီးနှံအထွက်နှုန်းမြင့်မားစေရေးအတွက် ယခုကဲ့သို့ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုး မြေမြှုပ်ထည့်သွင်းရခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မြေဆီလွှာအာဟာရဓာတ် ဖြည့်တင်းပေးသည့် သဘာဝ မြေဩဇာများကိုထည့်သွင်းအသုံးပြု၍ ရေမြေဒေသရာသီဥတုနှင့်ကိုက်ညီပြီး စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများကိုအသုံးပြုပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရည်အသွေးကောင်းမွန်သည့် လယ်ယာသီးနှံများကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အကျိုးအမြတ်တိုးတက်ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးထွန်းမြင့်က သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းအသုံးပြုခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အိန္ဒု၊ လွန်းည၊ ကော့တာ၊ နောင်လုံ၊ ကော့စိန်ဘန်၊ တံတားဦး အစရှိသော ကျေးရွာ (၁၁)ရွာမှ တောင်သူများအား ယူရီးယားဓါတ်မြေဩဇာ(၅၀)အိတ်နှင့် သဘာဝမြေဩဇာ(၃၀)အိတ်တို့ကို ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက် လာသော ကျေးရွာ(၁၁)ရွာမှတောင်သူများနှင့်အတူ ကမော့ကပိုမျိုးသန့်ခြံတွင် စိုက်ပျိုးထားသော သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ၁၀ ဧက အနက်မှ (၃)ဧကအား စက်မှုလယ်ယာဦးစီးဌာန၊ ဘားအံမြို့၊ အမှတ်(၂၀)စက်မှုလယ်ယာ စခန်းမှ လယ်ထွန်စက်များဖြင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထယ်ထိုးမြေမြှုပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုလေ့လာခဲ့ကြပြီး သစ်စိမ်းမြေဩဇာထယ်ထိုးမြေမြှုပ်ထည့်သွင်းထားသည့် ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း(၁၀) ဧက စိုက်ပျိုးပြီးစီးမှုနှင့် လယ်ယာလုပ်သားများဆက်လက်စိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ ကမော့ကပိုမျိုးသန့်ခြံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ မျိုးသန့်ခြံအတွင်း Green House ဖြင့် ဟင်းသီးဟင်းရွက် သီးနှံစိုက်ခင်းများထူထောင်နိုင်ရေး၊ ပိုးမွေးမြူရေးလုပ်ငန်းပြန်လည်လုပ်ကိုင်နိုင်ရေး၊ ဝန်ထမ်းအိမ်ရာများ စနစ်တကျ ဖြင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး မှာကြားခဲ့ပါသည်။