ဘားအံ - မတ် (၁၆)

            တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုကြ တော့မည်ဖြစ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် စာမေးပွဲဖြေဆိုရန် ဘားအံမြို့တွင် ရောက်ရှိတည်းခိုနေထိုင်သော ရပ်ဝေးဒေသများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများနှင့် မိဘအုပ်ထိန်းသူ များအား မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက လိုက်လံတွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး စားသုံးကုန်ပစ္စည်း များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက္ကသိုလ်ဝင်တန်းဖြေဆိုရန် ဘားအံမြို့ပေါ်တွင် ရောက်ရှိတည်းခိုနေထိုင်သော ကော့ကရိတ်မြို့နယ်မှ ကျောင်းသားကျောင်းသူ ၁၈၈ ဦး၊ ဆရာ၊ဆရာမ ၁၀၂ ဦးနှင့် ကျောင်းသားမိဘအုပ်ထိန်းသူ ၅၁ ဦးတို့အား ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက် မဲဘောင်ဘုန်းတော်ကြီးကျောင်း၌ သွားရောက်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ကိုအထူးအလေးထား၍ ပြီးမြောက်အောင်မြင်စွာဖြေဆိုကြကာ ဂုဏ်ထူးများဖြင့်ထူးချွန်စွာအောင်မြင်ကြပါစေကြောင်း အားပေးစကားပြောကြားကာ တာဝန်ရှိသူများနှင့်အတူ ချီးမြှင့်ငွေ၊ ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥအစရှိသော စားသုံးကုန်ပစ္စည်းများကို ချီးမြှင့်ပေးအပ်သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် ရောက်ရှိတည်းခိုနေထိုင်သော ဝဲကရင်၊ မုက္ကဒိ၊ ဖဲကဒါကျေးရွာ၊ ကော့ကဒါ၊ လွန်းည ကျေးရွာများမှ ကျောင်းသားကျောင်းသူ၊ ဆရာ၊ဆရာမ၊ မိဘအုပ်ထိန်းသူ ၁၃၈ ဦးတို့ကိုလည်းကောင်း၊ ဘားအံမြို့၊ အမှတ်(၁၀)အခြေ ခံပညာမူလတန်းလွန်ကျောင်းတွင် ရောက်ရှိတည်းခိုနေထိုင်သော ခရာအတွင်း၊ကျုံဖဲ၊နောင်ကျန်ကျေးရွာများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမ၊ မိဘအုပ်ထိန်းသူပေါင်း ၁၃၄ ဦးတို့ကိုလည်းကောင်း ရင်းနှီးနွေးထွေးစွာ သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ အစရှိသည့် စားသောက်ကုန်ပစ္စည်းများ ကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အတုလရန်အောင်ဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့်ခြံကလေးအောင်ရတနာကျောင်းဆရာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေး ဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြကာ အတုလရန်အောင်ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိတည်းခိုနေထိုင်သော အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဖအွံကော့ကျိုက်မှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမ၊ မိဘအုပ်ထိန်းသူ ပေါင်း ၁၉၅ ဦးတို့အား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ အစရှိသော စားသောက် ကုန်ပစ္စည်းများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

            ထိုသို့ သွားရောက်တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်း သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အေးချမ်းပျော်ရွှင်စွာဝင်င်ရောက်ဖြေဆိုနိုင်ရေးအတွက် တည်းခိုနေထိုင်ရာ နေရာထိုင်ခင်းနှင့်စားရေး၊သောက်ရေးအဆင်ပြေစေရေး၊ ရေ၊ မီး၊ မိလ္လာပြည့်စုံလုံလောက်မှုရှိစေရေးလှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအားတာဝန်ရှိသူများအား မှာကြားကာ ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေး ပွဲ ကို  စာစစ်ဌာန ၁၂ ခု၊ ကျောင်းသား၊ကျောင်းသူ ၃၅၀၀ ကျော်ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

            အလားတူ နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကလပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများက ပြိုင်ပွဲကို ဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးကြ သည်။

            အဆိုပါဂေါက်သီးရိုက်ပြိုင်ပွဲကို Handicap 19 to 24 အငယ်တန်းနှင့် Handicap 0 to 18 အကြီးတန်းဟူ၍ အတန်းနှစ်တန်းခွဲ၍ ကျင်းပခဲ့ပြီး ပြည်နယ်အတွင်းမှ ဂေါက်သီးရိုက်အားကစားသမား ၉၆ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကာ ပြိုင်ပွဲအားအေးချမ်းပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

            ယင်းနောက် ညခင်းပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစော မြင့်ဦးက ပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ က ပြိုင်ပွဲအားကူညီပံ့ပိုးပေးကြသူများအားဂုဏ်ပြုဆု၊ အဝေးဆုံးရိုက်ချက်ဆု၊ ကျင်းနှင့်အနီးဆုံးဆု၊ လိုင်းနှင့်အနီးဆုံးဆု၊ ပါအများဆုံးဆု၊ ဘာဒီအများဆုံးဆု၊ ကျင်းပုန်းဆု၊ အကြိုးစားဆုံးဆု၊ Handicap 19 to 24 အငယ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု၊ Handicap 0 to 18 အကြီးတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            အလားတူ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၁)(၃/၂၀၂၅)သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံတပ်ရင်းသို့ရောက်ရှိနေသည့် ကရင်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးညီညီဇော်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှတာဝန်ရှိသူများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးသည်။

            ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၁)သို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ နိုင်ငံ့သားကောင်းရတနာများအား ရင်းနှီးနွေးထွေးစွာလိုက်လံနှုတ်ဆက်အားပေးစကားပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။