ဘားအံ - ဇွန် (၁၁) 

လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်၊ အားကစား၊ အနုပညာလှုပ်ရှားမှုများအပါ အဝင် လူငယ်ရေးရာကိစ္စရပ်များဆောင်ရွက်နိုင်ရန် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၂၀၈၃ ဒဿမ ၂၂၈ သန်းဖြင့် တည်ဆောက်ခဲ့သော (၁၄၀ ပေ x ၈၀ ပေ) RC သုံးထပ် လူငယ်စင်တာဖွင့်ပွဲကို ဇွန်လ ၁၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ အဆိုပါစင်တာရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ကရင်ပြည်နယ်မှအားကစားထူးချွန်လူငယ် နန်းသဲနုနုစံ၊ ကြက်ခြေနီကိုယ်စားလှယ် နန်းသင်းမြမြလှိုင် ထူး၊ ရေကြောင်းလူငယ်သင်တန်းမှထူးချွန်လူငယ်မင်းဦးငြိမ်း၊ ကင်းထောက်သင်တန်းသူ နန်းအံ့ဆုပြည့်ဝင်းနှင့် လူရည်ချွန်ကျောင်းသူ နန်းချောစုစုသိမ့်တို့က ကရင်ပြည်နယ်လူငယ်စင်တာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဒုတိယဝန်ကြီးတို့က ကရင်ပြည်နယ်လူငယ်စင်တာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဒုတိယဝန်ကြီးတို့က ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြ သော လူငယ်မောင်မယ်ယဉ်ကျေးမှုဒုံးအဖွဲ့များ၊ ဘင်ခရာ၊ပန်းပွားအဖွဲ့ များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်လူငယ်စင်တာကမ္ပည်းမော်ကွန်း အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။ ယင်းနောက် ကရင်ပြည်နယ်လူငယ်စင်တာဖွင့်ပွဲအခမ်းအနားကို အဆိုပါစင်တာအစည်းအဝေးခန်းမ၌ ကျင်းပ ရာ ဘားအံတက္ကသိုလ်မှကျောင်းသား၊ကျောင်းသူများက လူငယ့်စွမ်းရည်သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး ပြည်နယ် ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့်လူငယ်စင်တာကြီး ရေရှည်တည်တံ့ခိုင်မြဲရန်နှင့် လူငယ်စင်တာကိုအသုံးပြုကြမည့် ကရင်ပြည်နယ်အတွင်းရှိ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်၍ ပြုစု ပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက မိတ်ဆက် အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဒုတိယဝန်ကြီးက ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီသို့ အားကစားပစ္စည်းများ ချီးမြှင့်ပေးအပ်ပြီး ပြည်နယ်ဂီတအစည်းအရုံးနှင့်ဘားအံတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများက လူငယ့်အားမာန် တေးသီချင်း၊ အခြေခံပညာကျောင်းသား၊ကျောင်းသူများက ဇာတိမာန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြကာ ပြည်နယ်ဝန်ကြီးချုပ်က လူငယ်စင်တာဖွင့်ပွဲအထိမ်းအမှတ်အလံနှင့်အမှတ်တရလက်ဆောင်အား ပြည်ထောင်စုဒုတိယ ဝန်ကြီးထံ ပေးအပ်၍ အခမ်းအနားတွင်ပါဝင်အားဖြည့်ကူညီပေးကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ကရင်ပြည်နယ်လူငယ်စင်တာရှိ ဘိလိယက်နှင့်စနူကာ အားကစားခုံ၊ GYM ခန်းမနှင့် စားပွဲတင်တင်းနစ်အားကစားနည်းများတွင် လူငယ်များလာရောက်လေ့ကျင့်ကစားနေမှု၊ စာသင်ခန်း၊ အိမ်တွင်းမှုခန်း၊ အိပ်ခန်း၊ ဂီတခန်း၊ နားနေခန်း၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ ပန်းချီခန်းများတွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာရှင်၊ အတတ်ပညာရှင်များက သက်ဆိုင်ရာဘာသာရပ်များအလိုက် လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရေးပြင်ဆင်ထားရှိမှုနှင့်လူငယ်များလေ့လာသင်ယူနေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။