ဘားအံ - ဇွန် (၇)

            ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏နေထိုင်မှုဘဝ အဆင်ပြေစေရေး ပြည်နယ်အစိုးရအဖွဲ့မှ အဘက်ဘက်မှကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း၊ တောင်ကလေးစုပေါင်းဝန်ထမ်းအိမ်ရာစခန်း၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ (၄)ခန်းတွဲ(၅)ထပ် RC ဝန်ထမ်း အိမ်ရာနှစ်လုံး တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            အဆိုပါဝန်ထမ်းအိမ်ရာနှစ်လုံးကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၁၁၄၄ ဒဿမ ၄၀ သန်းစီဖြင့် Maw Pha Maw Kun Co.,Ltd နှင့် Aung Si Taw Co.,Ltd တို့မှတင်ဒါအောင်ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးမြင့်ဝေနှင့်တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင် ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို စေတနာရှေ့ထားဆောင်ရွက်ကြရန် မှာကြားကာ Maw Pha Maw Kun Co.,Ltd ၏  ၁၂ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေမှုနှင့် Aung Si Taw Co.,Ltd ၏ ၁၅ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အကွက်အမှတ် (၉၀၅)၊ ဈေးဟောင်းအကွက်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၁၄၁၆ ဒဿမ ၂၉၀ သန်းဖြင့် Thanlwin Archive Co.,Ltd မှတာဝန်ယူတည်ဆောက်သော (၅)ခန်းတွဲ(၅)ထပ် ပြည်သူ့အငှါးအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီအချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

            ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့်ဝန်ထမ်းသား၊သမီးများအား ပြည်နယ်ဝန်ကြီးချုပ်က ပညာသင်ချီးမြှင့်စရိတ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်သည့်အခမ်းအနားကို နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အရွယ်(၃)ပါးရှိသည့်အနက် ပညာရှာရမည့်အရွယ်တွင် ပညာကိုရရှိ အောင်ကြိုးစားသင်ယူကြဖို့လိုပြီး အခက်အခဲများရှိပါက တင်ပြပေးကြစေလိုကာ တတ်နိုင်သည့်ဘက်မှဖြည့်ဆည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ဝန်ထမ်းသားသမီးများဖြစ်သည့်အတွက်ပိုမိုကြိုးစားကြစေလိုပြီး အနာဂတ် ရည်မှန်းချက်ကိုကြီးကြီးမားမားထား၍ ထူးချွန်ထက်မြတ်သည့်သားသမီးရတနာများဖြစ်ကြပါစေကြောင်း အမှာစကား ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တက္ကသိုလ်အဆင့်ဝန်ထမ်း ၁၉ ဦး၊ သားသမီး ၁၃ ဦး၊ အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့် ၇၇ ဦး စုစုပေါင်း ၁၀၉ ဦးတို့အား တက္ကသိုလ်အဆင့်တွင် ပညာသင်ချီးမြှင့်ငွေကျပ် တစ်သိန်းနှုန်း၊ အထက်တန်းအဆင့် ရှစ်သောင်းနှုန်း၊ အလယ်တန်း အဆင့် ခုနှစ်သောင်းနှုန်း၊ မူလတန်းအဆင့်တွင် ငွေကျပ် ခြောက်သောင်းငါးရာနှင့်ညီမျှသည့် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံများကို ပေးအပ်ချီးမြှင့်ရာ ဝန်ထမ်းသားသမီးများကိုယ်စား တက္ကသိုလ်အဆင့်တက်ရောက်နေသည့် ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

            ယနေ့ချီးမြှင့်ပေးအပ်ရာတွင် ဝန်ထမ်း၊ သားသမီး စုစုပေါင်း ၁၀၉ ဦးအတွက် ငွေကျပ် ၈၁၆၇၀၀၀(ရှစ်ဆယ့် တစ်သိန်းခြောက်သောင်းခုနှစ်ထောင်ကျပ်) တန်ဖိုးရှိ ပညာသင်ချီးမြှင့်ငွေနှင့် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံများကို ချီးမြှင့်ပေးအပ်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်သားသမီးများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။