ဘားအံ - နိုဝင်ဘာ (၂၃)
စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်ရေးနှင့် ပလက်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလူထုလှုပ်ရှား ဆောင် ရွက်မှုကို နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၏ခရီးစဉ်ဒေသ(၂၂)ခုအနက်မှ တစ်ခုအပါအဝင်ဖြစ် သော ဘားအံမြို့နယ်၊ ကျောက်ကလပ်ခရီးစဉ်ဒေသ၌ကျင်းပရာ ဒေသခံတိုင်းရင်းသား ပြည်သူ ၁၅၀ ဦးကျော် ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလှုပ်ရှားဆောင်ရွက်မှုကို ကရင်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၊ ကရင်ပြည် နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျောက်ကလပ်ချစ်သူများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကရင်ပြည်နယ်၏ ခရီးစဉ်ဒေသများသည် နေ့စဉ်ခရီးသွားဧည့်သည်များဝင်ထွက်သွားလာ လျက်ရှိသည်နှင့်အညီ စွန့်ပစ်ပလက်စတစ်နှင့်အမှိုက်များကြောင့် ခရီးစဉ်ဒေသ၏ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမဖြစ်ပေါ် စေရေး၊ ခရီးစဉ်ဒေသများရှေရှည်တည်တံ့ပြီး ဂေဟစနစ်နှင့်ဇီဝမျိုးစုံမျိုးကွဲများထိခိုက်မှုမရှိစေရေးနှင့် မြေယာထိန်းသိမ်းမှု လုပ်ငန်းကိုမြှင့်တင်ဆောင်ရွက်သည့်အနေဖြင့် အသိပညာပေးလူထုလှုပ်ရှားမှုကို ဆောင်ရွက်ကြခြင်းဖြစ်သည်။
ထိုလှုပ်ရှားမှုတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျောက်ကလပ်ချစ်သူများ၊ ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများက ကျောက်ကလပ်ခရီးစဉ်ဒေသ ပရိဝုဏ်အတွင်းရှိ စွန့်ပစ်ပလက်စတစ် နှင့်အမှိုက်သရိုက်များကို စုပေါင်းဖယ်ရှားရှင်းလင်းခဲ့ကြသည်။
ထိုသို့ဆောင်ရွက်မှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစယဉ်ဌေး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစောခေါင်ပန်ထော့နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး ခဲ့ကြပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကရင်ပြည်နယ်၏ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေး၊ ပြည်သူပူးပေါင်းပါဝင်သောခရီးစဉ်ဒေသများဖြစ်စေ ရေးအတွက် သက်ဆိုင်ရာခရီးစဉ်ဒေသချစ်သူများက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အစိုးရရုံး ပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များတွင် အခါအားလျှော်စွာ အသိပညာပေးလူထုလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါသည်။















