ဘားအံ - အောက်တိုဘာ (၁၉)
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဘားအံ)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၃)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင် တန်း အမှတ်စဉ်(၆) သင်တန်းများဖွင့်ပွဲကို အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခုသင်တန်းများကို တက်ရောက်ခွင့်ရရှိကြသည့် သင်တန်းသူသမီးငယ်များအနေ ဖြင့် သင်တန်း၏ရည်ရွယ်ချက်အတိုင်း စာရိတ္ထမြင့်မားပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ထိန်းသော မျိုးချစ် စိတ်ရှင်သန် ထက်မြတ်သည့် အမျိုးသမီးလေးများအဖြစ် အစဉ်ခံယူကျင့်သုံးကြစေလိုပြီး သင်တန်းမှသင်ကြားပေးသည့်သင်ခန်းစာ များကို အထူးကြိုးစားလေ့လာသင်ယူ၍ စုပေါင်းနေထိုင်လုပ်ကိုင်ဆောင်ရွက်တတ်သည့်အလေ့အထများရရှိရန် လေ့ကျင့် သင်ယူကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများအတွက် ပဲဝါခြမ်း၊ အာလူး၊ ငရုတ်၊ ကြက်သွန်၊ စားသုံးဆီ အစရှိ သော အခြေခံစားကုန်များကို ကျောင်းအုပ်ဆရာမကြီးထံချီးမြှင့်ပေးအပ်ရာ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားနှင့် သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယနေ့ဖွင့်လှစ်သည့် အဆင့်မြင့်စက်ချုပ်သင်တန်းကို သင်တန်းသူ ၃၀ ဦးဖြင့် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၀၂၇ ခုနှစ် မတ်လ ၁၉ ရက်နေ့ထိ ရက်သတ္တပတ် ၂၂ ပတ်ကြာ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ပြီး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများဖြစ်သော အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့်အဖျော် ယမကာဝန်ဆောင်မှုသင်တန်းတို့ကို သင်တန်းသူ ၂၀ ဦးဖြင့် စာတွေ့၊လက်တွေ့ ၃ လ သင်ကြားပေးသွားမည်ဖြစ်ကာ ပြည်နယ်အတွင်းရှိ အဆင့်မြင့်ဟိုတယ်များတွင် လုပ်ငန်းခွင်သင်တန်း On Job Training(OJT) ၃ လ လက်တွေ့လေ့လာ ဆောင်ရွက်စေ၍ သင်တန်းပြီးဆုံးပါက အောင်လက်မှတ်နှင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၏ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၉)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၉)၊ မော် တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၁၈)နှင့် ဂဟေသင်တန်း အမှတ်စဉ်(၁၇) သင်တန်းများဖွင့်ပွဲကို အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီခွဲက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊စီးပွားရေး နှင့်ဘဏ္ဍာရေးဝန်ကြီးဦးညီညီဇော်က သင်တန်းကာလအတွင်း သင်တန်းသားများကို သက်ဆိုင်ရာဘာသာရပ်များအပြင် ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စသည့် အသိပညာများကို ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး သင်ကြားပေးသည်များ ကို မှတ်သားလေ့လာ လက်တွေ့လေ့ကျင့်ပြီး လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချ၍ ကိုယ်ပိုင်အလုပ်အကိုင်အခွင့် အလမ်းများရရှိအောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး Sustainabridge(SB) ဘားအံရုံးမှ စီမံကိန်း မန်နေဂျာက သင်တန်းဆိုင်ရာအချက်များကို ရှင်းလင်းတင်ပြသည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းများတွင် စုစုပေါင်းသင်တန်းသား ၆၀ ဦးက နေထိုင်ရေး၊ စားသောက်ရေးနှင့် သင်တန်း သုံးပစ္စည်းများ အခမဲ့ဖြင့် ရက်သတ္တပတ် ၂၂ ပတ်ကြာ သက်ဆိုင်ရာဘာသာရပ်များကို သင်ကြားခွင့်ရရှိကြပြီး နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)တွင် စုစုပေါင်းသင်တန်း ၆၉ ကြိမ်ဖွင့်လှစ်၍ သင်တန်းသား ၁၃၄၀ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၇၈ ရာခိုင်နှုန်းသည် သက်ဆိုင်ရာနယ်ပယ်ဒေသ အသီးသီးရှိ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ကုမ္ပဏီလုပ်ငန်းများတွင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။















