ဘားအံ - အောက်တိုဘာ (၁၀)
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြိုကို မြို့အင်္ဂါရပ်များနှင့်အညီ Green City , Clean City ဖြစ်စေရေး၊ သန့်ရှင်း သာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများကို အခါအားလျှော်စွာဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက အခြေခံ ပညာကျောင်းများတွင် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကော့ ကျိုက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် တရုတ်လှကျေးရွာအခြေခံပညာအထက်တန်းကျောင်းတို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာနေပြည်သူများပူးပေါင်း၍ ယာဉ်၊ယန္တရားများအသုံးပြုပြီး ကျောင်းဝင်း အတွင်း/အပြင်ရှိ စွန့်ပစ်ပလက်စတစ်နှင့်အမှိုက်သရိုက်များအားဖယ်ရှားရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်းတို့ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါကျောင်းများရှိ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိ ဘောဂ၊ သင်ထောက်ကူ၊ ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်အတွင်းငါးသယံဇာတပေါ်များ၍ ဒေသတွင်းစားရေရိက္ခာဖူလုံစေရေးအတွက် ပြည်နယ်အစိုး ရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနသည် သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ပိုင်းက ဘားအံမြို့နယ်၊ ခလောက်ထောင်ကျေးရွာ၊ ခလောက် ထောင်အင်းအတွင်း ငါးမျိုးများစိုက်ထည့်ပေးရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်၍ ငါးမျိုးများစိုက် ထည့်ပေးခဲ့ကြသည်။
ငါးမျိုးစိုက်ထည့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခလောက်ထောင်ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၊ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမ များက ငါးမြစ်ချင်းကောင်ရေ ငါးသောင်း၊ ငါးခုံးမကြီးကောင်ရေ ငါးသောင်း စုစုပေါင်းငါးကောင်ရေ တစ်သိန်း ကို ခလောက် ထောင်အင်းအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် ငါးကောင်ရေ ၁၀ သိန်းကို ငါးမျိုးစိုက်ထည့်ပေးရန် လျာထား ဆောင်ရွက်လျက်ရှိပြီး ငါးမျိုးစိုက်ထည့်ပွဲ ၁၁ ကြိမ်ထိ ငါးကောင်ရေ (၉)သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကာ ယခုကဲ့သို့ စိုက်ထည့်ပေးလိုက်သောငါးမျိုးများသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ဆက်စပ်ရေပြင်များအတွင်း ရှင်သန်ကြီးထွားပေါက် ပွား၍ ဒေသခံတိုင်းရင်းသားပြည်သူများ အလွယ်တကူ ဖမ်းယူစားသုံးနိုင်မည်ဖြစ်ရာ ဒေသ၏ငါးစားသုံးမှုကို ဖူလုံပိုလျှံစေရုံ သာမက ငါးထုတ်လုပ်မှုကဏ္ဍကိုလည်း တိုးတက်မြင့်မားစေမည် ဖြစ်ပါသည်။















