ဘားအံ - အောက်တိုဘာ (၉)

            ဒေသခံတိုင်းရင်းသားပြည်သူများ၏ စားရေရိက္ခာဖူလုံပိုလျှံရေးသည် အဓိကအရေးကြီးသည့်ကဏ္ဍရပ်များတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ပြည်နယ်အတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ စားသုံးဆီဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း စားသုံးဆီဖူလုံမှုရာခိုင်နှုန်းမှာ ၈၄ ဒဿမ ၇၄ ရာခိုင် နှုန်းသာရှိပြီး လစဉ်စားသုံးဆီများကို မှာယူစားသုံးနေရသည့်အတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ် တို့ကို တိုးချဲ့စိုက်ပျိုး၍ တန်ဖိုးမြင့်စားသုံးဆီအဖြစ်ထုတ်လုပ်ကာ ပို့ကုန်အဖြစ်ပြန်လည်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ အရည်အသွေးပြည့်မီသည့် စားသုံးဆီဖြစ်လာစေရန် ဆီစက်လုပ်ငန်းများကိုလည်း အဆင့်မြင့်တင် ဆောင်ရွက်ရန်လိုပြီး ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံ၍ ပို့ကုန်အဖြစ်ပြန်လည်တင်ပို့နိုင်ရေး ဝိုင်းဝန်းအဖြေရှာ ပူးပေါင်းဆောင် ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဒေသတွင်း စားသုံးဆီလိုအပ်မှု၊ တင်သွင်းမှု၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနေမှု၊ အဆင့်မြင့်ဆီသန့်စက်ရုံများတည်ဆောက်ဖွင့်လှစ်နိုင်ရေးကြိုးပမ်းဆောင်ရွက်နေမှု၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာ ရေးနှစ်တွင် ၁၀၀ ရာခိုင်နှုန်း စားသုံးဆီဖူလုံစေရေး ဆီထွက်သီးနှံစိုက်ဧကများတိုးချဲ့ဆောင်ရွက်နေမှု၊ ပန်းတိုင်အထွက် နှုန်းရရှိရေးတွန်းအားပေးဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မြေစာရင်း ဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ အစရှိသည့် ဌာနဆိုင်ရာများ၊ ဆီစက်လုပ်ငန်းများနှင့်ဆက်စပ်လုပ်ငန်းရှင်များက ဆီထွက်သီးနှံ(မိုး၊ဆောင်း၊နွေ)စိုက်ပျိုးထုတ်လုပ်မည့် အခြေအနေ၊ ၂၀၂၆-၂၀၂၇ခုနှစ်အတွင်း ရေလိုအပ်မှုနည်းပြီး အပူဒဏ်ခံနိုင်သော သီးနှံများရွေးချယ်စိုက်ပျိုးမည့်အခြေအနေ၊ မျိုးစေ့များကြိုတင်စုဆောင်းထားရှိမှု၊ Cantract Farming စနစ်ဖြင့်သီးနှံစိုက်ပျိုးရန် လျာထားမှုအခြေအနေ၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကာလတူနှိုင်းယှဉ်ချက်၊ ပြည်နယ် အတွင်းစားအုန်းဆီဖြန့်ဖြူးရောင်းချမှု၊ ဆီစက်လုပ်ငန်းရှင်များ သမဝါယမ အသင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေရယူ၍ ချေးငွေထုတ်ချေးထားရှိမှုနှင့် ပြည်နယ်အတွင်းစားသုံးဆီထုတ်လုပ်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့တက်ရောက် လာသူများ က ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ် က တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။