ဘားအံ - အောက်တိုဘာ (၈)

            ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ပျိုးပင်မျိုးစုံ ၂၁၅၀၀၀ ပင်ဖြန့်ဝေစိုက်ပျိုးရန်လျာထားခဲ့ပြီး ယခုအခါ အပင်ပေါင်း ၂၁၅၉၄၉ ပင်(၁၀၀ ဒဿမ ၄၄ ရာခိုင်နှုန်း)ကို ဖြန့်ဝေစိုက်ပျိုးပြီးစီးခဲ့ကြောင်း အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဘားအံဂေါက်ကွင်း၌ ကျင်းပသည့် မိုးရာသီ(စတုတ္ထအကြိမ်)သစ်ပင်စိုက်ပွဲမှ သိရသည်။

            သစ်ပင်စိုက်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သစ်ပင်စိုက်ပျိုးရာတွင် တစ်ပင်စိုက်၊ တစ်ပင်ရှင် စိုက်သမျှ အပင်ရှင်သန်ရန် အလွန်အရေးကြီးပြီး သစ်စေ့မှပျိုးပင်တစ်ပင်ဖြစ်လာသည်အထိ အချိန်၊ ငွေ၊ လုပ်အားများစွာ အရင်းအနှီး စိုက်ထုတ်ခဲ့ရသည့်အတွက် ရှင်သန်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်းကြရမည်ဖြစ်ကာ ရာသီဥတုဖောက် ပြန်ခြင်းကို တားဆီးကာကွယ်ရန်အတွက် အထိရောက်ဆုံးနှင့်ကုန်ကျစရိတ်အသက်သာဆုံးသော အကောင်းဆုံးနည်းလမ်း ဖြစ်သော သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းလုပ်ငန်းကို အလေးထားပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့၊ ဂေါက်ကွင်းမန်နေဂျာထံ ပျိုးပင်များပေးအပ်ချီးမြှင့်ပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများ၊ ဂေါက်ကွင်းဝန်ထမ်းများက မန်ဂျန်ရှား၊ ပိတောက် စုစုပေါင်း ၇၄၃ ပင်ကို လူထုလှုပ်ရှားမှုအသွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

            ထိုသို့စိုက်ပျိုးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်းနှင့် ယခုနှစ်မိုးရာသီတွင် လူထုလှုပ်ရှားမှုအသွင် သစ်ပင်စိုက်ပွဲ ပြည်နယ်အဆင့်(၆)ကြိမ်၊ ခရိုင်အဆင့်(၄)ကြိမ်၊ မြို့နယ် အဆင့်(၁)ကြိမ်၊ စုစုပေါင်း(၁၁)ကြိမ်၊ ဒေသခံပြည်သူလူထု/ဌာနဆိုင်ရာ/တပ်ရင်းတပ်ဖွဲ့များသို့ ဖြန့်ဝေစိုက်ပျိုးခြင်း၊ တစ်ရွာ(၂)ဧကကျေးရွာပိုင် စိုက်ခင်း(၄)ဧကစိုက်ပျိုးခြင်းတို့ဖြင့် စုစုပေါင်း ၂၁၅၉၄၉ ပင် (၁၀၀ ဒဿမ ၄၄ ရာခိုင်နှုန်း) စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရှိရပါသည်။