ဘားအံ - အောက်တိုဘာ (၇)

ပြည်နယ်အတွင်းငါးသယံဇာတများတိုးပွားစေရေးနှင့် ငါးထုတ်လုပ်မှုကဏ္ဍတိုးတက်မြင့်မားရေး အထောက်အကူ ပြုစေရန် ရည်ရွယ်၍ ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ် ရသဝေါ ကျေးရွာ၊ ပါရမီအင်းအတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။

ငါးမျိုးစိုက်ထည့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးအောင်လွင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရသဝေါကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ  ဒေသခံတိုင်ရင်းသားပြည်သူများက ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသည့် ငါးမြစ်ချင်းကောင်ရေ ငါးသောင်း၊ ငါးခုံးမကြီးကောင်ရေ ငါးသောင်း စုစုပေါင်းကောင်ရေ တစ်သိန်းကို စုပေါင်းငါးမျိုး စိုက်ထည့်ပေးခဲ့ကြသည်။

            ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် ငါးကောင်ရေ ၁၀ သိန်းကို သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ငါးမျိုးစိုက်ထည့်ပေးရန် လျာထားဆောင်ရွက်လျက်ရှိရာ  ငါးမျိုးစိုက်ထည့်ပွဲ ၁၀ ကြိမ်ထိ ငါးကောင်ရေ (၈)သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကာ ယခုကဲ့သို့စိုက်ထည့်ပေးလိုက်သောငါးမျိုးများသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ဆက်စပ်ရေပြင်များအတွင်း ရှင်သန်ကြီးထွားပေါက်ပွား၍ ဒေသခံတိုင်းရင်းသားပြည်သူများအလွယ်တကူ ဖမ်းယူစားသုံး နိုင်မည်ဖြစ်ပြီး ဒေသ၏ငါးစားသုံးမှုကို ဖူလုံပိုလျှံစေရုံသာမက ငါးထုတ်လုပ်မှုကဏ္ဍကိုလည်း တိုးတက် မြင့်မားစေမည် ဖြစ်ကြောင်း သိရသည်။

            အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီက International Organization for Migration(IOM) ၏ ဌာနေကိုယ်စားလှယ်ချုပ် Mr.Daihei Mochizuki နှင့်အဖွဲ့အား ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်ထောင်စုရိပ်သာ ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။

            ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် Mr.Daihei Mochizuki တို့သည် ပြည်နယ်အတွင်း ရွှေ့ပြောင်း လုပ်သားများ၏ အရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ယာယီ နေရပ်စွန့်ခွာပြည်သူများ၏ အရေးဆိုင်ရာကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းလုပ်ဆောင် နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်တွင် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ပေါင်း ၁၂၀ ကျော်ဖန်တီးပေးနိုင်ပြီး မြန်မာကျပ်ငွေသိန်းပေါင်းငါးသောင်းကျော် ရင်းနှီးမြှုပ်နှံ၍ အိမ်သုတ်ဆေးထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရန် အဆိုပြုတင်ပြလာသည့် Prime Shield Paint Co.,Ltd မှ MD ဒေါက်တာသိန်းနိုင်နှင့်အဖွဲ့အား ပြည်ထောင်စုရိပ်သာ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

            ထိုသို့တွေ့ဆုံရာတွင် Prime Shield Paint Co.,Ltd မှ MD ဒေါက်တာသိန်းနိုင်နှင့်တာဝန်ရှိသူများက ဘားအံစက်မှု ဇုန်အတွင်း တစ်နှစ်လျှင် အိမ်သုတ်ဆေးတန်ချိန် နှစ်သောင်းသုံးထောင်ကျော်ထုတ်လုပ်နိုင်သည့် စက်ရုံတည်ဆောက်နိုင် ရေး လိုအပ်သည့်မြေနေရာနှင့်ဆက်စပ်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမြန်ဆုံးအကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရပါသည်။