ဘားအံ - အောက်တိုဘာ (၁၉)

            ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့သည် (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသောမြို့ကြီးများဆုကို မြန်မာနိုင်ငံကိုယ်စားပြုရရှိခဲ့ပြီး သန့်ရှင်းသောရေ၊ သန့်ရှင်းသောလေ၊ သန့်ရှင်းသောမြေ ဖြစ်စေရေး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့်အစဉ်အမြဲစိမ်းလန်းစိုပြည်စေရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ ဌာန ဆိုင်ရာများနှင့် ဒေသခံပြည်သူများပူးပေါင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက နှစ် (၇၀)ပြည့်ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့အဝင် တရုတ်လှလမ်းဆုံ၌(Photogenic Spot) နေရာနှင့်မြေယာရှုခင်းတို့ကို ထပ်မံဖွင့်လှစ်ခဲ့သည်။

            ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဇွဲကပင်တောင်ကိုနောက်ခံထား၍ ဓာတ်ပုံရိုက်ရန်စွယ်စုံ ရနေရာ(Photogenic Spot)တစ်ခုအဖြစ် ရည်ရွယ်တည်ဆောက်ထားပြီး ခရီးသွားဧည့်သည်များကိုကြိုဆိုသည့် သဘောထားတစ်ရပ်ဖြစ်ကာ ဒေသအလှအပကို ပြည်တွင်းပြည်ပဧည့်သည်များပိုမိုသိရှိလာစေရန်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေယာ၏သဘာဝအလှကိုအမြင့်ဆုံးအသုံးချခြင်းသာမက၊ ဒေသ၏စီးပွားရေးနှင့်ခရီးသွား လာရေးကို မြှင့်တင်ပေးသည့်ချဉ်းကပ်မှုတစ်ရပ်လည်းဖြစ်ကြောင်း၊ ဘားအံမြို့ကို သဘာဝအလှနှင့်ယဉ်ကျေးမှုရင်းမြစ် ကြွယ်ဝသောမြို့၊ ပိုမိုလှပသော ဖွံ့ဖြိုးတိုးတက်သောမြို့အဖြစ် အဆင့်မြှင့်တင်နိုင်ရေး အားလုံးပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

            ထို့နောက် ဒေသခံပြည်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံမြို့အဝင်တရုတ်လှလမ်းဆုံ(Photogenic Spot) နေရာ နှင့်မြေယာရှုခင်းတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့အဝင်တရုတ်လှလမ်းဆုံ (Photogenic Spot) ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်၍ တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့အဝင်တရုတ်လှလမ်းဆုံ(Photogenic Spot) ပန်းခြံ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံသာရည်များပက်ဖြန်း၍ တရုတ်လှအဝင်ဘက်ခြမ်းမြေယာရှုခင်းဆိုင်းဘုတ်အား အမွှေးနံသာရည်များပက်ဖြန်းပေးကာ ဖွင့်ပွဲတွင်ပါဝင်အားဖြည့် ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြ သည်။

            ယနေ့ဖွင့်လှစ်သည့် Photogenic Spotနှင့်မြေယာရှုခင်းအလှသည် လမ်းဦးစီးဌာနပိုင် ပေ(၂၀၀)အကျယ် လမ်းနယ်အတွင်းရှိလမ်းဘေးဝဲ/ယာတွင်တည်ရှိပြီး Photogenic Spot နေရာနှင့် မြေယာရှုခင်းပန်းခြံတို့ကို ဝဲ/ယာ နှစ်ဖက်ခွဲ၍ဆောင်ရွက်ထားကာ စတုရန်းပေ ၁၄၀၀၀ ခန့်ရှိ၍ ပန်းခြံတည်ဆောက်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရ အဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၀၀ ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။