ဘားအံ - ဇွန် (၁၉)
လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကိုအကောင်အထည်ဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား ၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းက မြိုင်ကြီးငူဒေသ ရှိ အခြေခံပညာကျောင်းဆောင်သစ်များဖွင့်လှစ်ခဲ့ပြီး မြိုင်ကြီးငူဒေသသို့ယာယီပြောင်းရွေ့နေထိုင်ပညာသင်ကြားလျက် ရှိသော ဖာပွန်မြို့နယ်မှ ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ထောက်ပံငွေများပေးအပ် ခဲ့သည်။
ဦးစွာ မြိုင်ကြီးငူနန်းဦးဘေးမဲ့ကျောင်းတိုက်ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တ ဉာဏိက၊ မဲဆမိတ်တိုက်ကျောင်းဆရာတော်ဘဒ္ဒန္တစန္ဒရ၊ ဓမ္မညီနောင်ဆရာတော်ဘဒ္ဒန္တစန္ဒနဉာဏိက ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကရင်ပြည်နယ် နယ်ခြား စောင့်တပ် ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့အထွေထွေအတွင်းရေးမှူးနှင့်ဥက္ကဋ္ဌတို့က မြိုင်ကြီးငူဒေသ ဆွေချမ်းရိပ်မြိုင်ရပ်ကွက် ရှိ ဆွေချမ်းရိပ်မြိုင်အခြေခံပညာမူလတန်းကျောင်းရှိ (၁၅၀ x ၃၀)ပေရှိ RC တစ်ထပ်ကျောင်းဆောင်သစ်၊ ချမ်းသာမြိုင် အခြေခံပညာမူလတန်းလွန်ကျောင်းရှိ (၂၁၀ x ၃၀)ပေရှိ RC တစ်ထပ်ကျောင်းဆောင်သစ်၊ နန်းဟေမြိုင် အခြေခံပညာ မူလတန်းကျောင်းရှိ (၂၁၀ x ၃၀)ပေရှိ RC တစ်ထပ်ကျောင်းဆောင်သစ်၊ စုံဝဏာမြိုင်ရပ်ကွက်ရှိ မြိုင်ကြီးငူအခြေခံ ပညာအထက်တန်းကျောင်းရှိ(၂၀၀ x ၄၅)ပေရှိ RC တစ်ထပ်ဝန်ထမ်းအိမ်ရာနှင့် စုံနံ့သာမြိုင်အခြေခံပညာအထက် တန်းကျောင်း(ခွဲ)ရှိ (၁၀၀ x ၅၀)ပေရှိ ခန်းမဆောင်တို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြကာ အဆိုပါကျောင်းဆောင် သစ်၊ ဝန်ထမ်းအိမ်ရာနှင့် ခန်းမဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် မြိုင်ကြီးငူဒေသရှိ ကျောင်းဆောင်သစ်၊ ဝန်ထမ်းအိမ်ရာနှင့် ခန်းမဆောင်သစ်များ လွှဲပြောင်းပေး အပ်ပွဲကို စုံနံ့သာမြိုင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပရာ မြိုင်ကြီးငူနန်းဦးဘေးမဲ့ကျောင်းတိုက် ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော်က ဩဝါဒကထာမြွတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်း ကော်မတီများ၊ အကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏သားသမီးများ ပညာသင် ကြားခွင့်ကို လမ်းကြောင်းအမှန်သို့ရောက်အောင် တိုက်တွန်းလမ်းညွှန်ပေးကြရန်နှင့် ဆရာ၊ဆရာမများအနေဖြင့်လည်း ပညာရည် ထူးချွန်ပြီး နိုင်ငံအတွက်အားထားရသည့်ဗလငါးတန်နှင့်ပြည့်စုံသောတပည့်ကောင်းများပေါ်ထွန်းလာအောင်သင်ကြား ပေးကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဥက္ကဋ္ဌက ကျောင်းဆောင်သစ်များဆောက်လုပ်လှူဒါန်းရ ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အလှူရှင်ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကဲရေး အဖွဲ့ အထွေထွေအတွင်းရေးမှူးစောချစ်သူက ပညာရေးဌာနသို့အဆောက်အဦမှတ်တမ်းများကို လွှဲပြောင်းပေးအပ်ကာ ကျောင်းဆောင်သစ်များဖွင့်ပွဲအထိမ်းအမှတ် အလံငယ်များပေးအပ်သည်။
ထို့နောက် လှိုင်းဘွဲမြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကြွရောက်ချီမြှင့်တော် မူကြသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့်ကျောင်းဆောင်သစ်(၃)ဆောင်၊ ဝန်ထမ်းအိမ်ရာတစ်လုံးနှင့်ခန်းမဆောင်သစ် တစ်ဆောင် တို့ကို ကရင်ပြည်နယ်နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး စောချစ်သူနှင့် ဇနီးနန်းခင်လှသူတို့က စုစုပေါင်းငွေကျပ် ၂၀၁၇၀၈၁၅၀၀ (သိန်းနှစ်သောင်းတစ်ရာခုနှစ်ဆယ်ရှစ်သောင်းတစ်ထောင် ငါးရာ)အကုန်အကျခံဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး မြိုင်ကြီးငူဒေသတွင် အခြေခံပညာကျောင်းပေါင်း ၁၇ ကျောင်း ရှိကာ ဖာပွန်မြို့နယ်မှယာယီပြောင်းရွှေ့ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများအပါအဝင် ကျောင်းသား ဦးရေ ၅၉၇၀ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ မြိုင်ကြီးငူဒေသသို့ ယာယီပြောင်းရွှေ့ပညာသင်ကြားလျက်ရှိသော ဖာပွန်မြို့နယ်မှ ကျောင်း သား၊ကျောင်းသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့်ထောက်ပံ့ငွေများ ပေးအပ်သည့်အခမ်းအနားကို မြိုင်ကြီးငူအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အခြေအနေ အရပ်ရပ်ကြောင့် ဘဝအတွက်အားထားရာအခြေခံပညာများကို ကြိုးစားသင်ယူရာတွင် အားပေးထောက်ပံ့ပေးသည့် အနေဖြင့် ယနေ့အခမ်းအနားကိုကျင်းပခြင်းဖြစ်ပြီး ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဘဝရည်မှန်းချက်ပြည့်စုံ ရန် စာကိုကြိုးစားသင်ယူ၍ ထူးချွန်အောင်ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြိုင်ကြီးငူဒေသသို့ ယာယီပြောင်းရွှေ့ပညာသင်ကြား လျက်ရှိသော ဖာပွန်မြို့နယ်မှ ကျောင်းသား၊ကျောင်းသူ ၂၇၉ ဦးအတွက် ကျောင်းဝတ်စုံ ၂၈၀ စုံ၊ ကျောင်းသုံးဗလာ စာအုပ် ၂၈၀ ဒါဇင်နှင့် ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော အထက်တန်းကျောင်းသားတစ်ဦးလျှင် ငါးသောင်းကျပ်၊ အလယ်တန်းကျောင်းသားတစ်ဦးလျှင် လေးသောင်းကျပ်၊ မူလတန်းကျောင်းသားတစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၉၀၃၀၀၀၀(ကိုးဆယ်သိန်းသုံးသောင်းကျပ်)ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မြိုင်ကြီးငူအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ် ဆက်၍ အားပေးစကားများပြောကြားခဲ့ကြပါသည်။