ဘားအံ - ဧပြီ (၁၇)

              မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတစ်ရပ်ဖြစ်သော နှစ်သစ်မင်္ဂလာမြန်မာနှစ်ဆန်းတစ်ရက်နေ့ တွင် သီလ၊သမာဓိဂုဏ်နှင့်အသက်အရွယ်ရလာကြသော အဘိုးအဘွားများအားပူဇော်ကန်တော့ခြင်းကို နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့ရာ  မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဘားအံမြို့ပေါ်ရှိရပ်ကွက်(၉)ခုမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၂၈၇)ဦးအား ပူဇော်ကန်တော့ ခဲ့ကြပြီး ငါးခုံးမကြီးကောင်ရေငါးသောင်းကို ဇီဝိတဒါနငါးလွှတ်၍ ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့ကြသည်။

            ဦးစွာ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ သက်ကြီးပူဇော်ပွဲကိုကျင်းပရာ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်များမှ အဘိုး၊အဘွား ၇၀ ဦးတက်ရောက်ခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက အဘိုး၊အဘွားများအား အာဟာရမုန့်နှင့် အိုဗာတင်းများတိုက်ကျွေးကြပြီး လက်သည်းခြေသည်းများညှပ်ပေးကြကာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ် ဆို၍ ဖွင့်လှစ်သည်။

            ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နှစ်သစ်ဆုတောင်း နှုတ်ခွန်းဆက်စကားပြောကြားပြီး  ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများသည် အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ကန်တော့ကြကာ အဘိုးအဘွားများအား ပူဇော်ကန်တော့ငွေနှင့်လှူဖွယ်ပစ္စည်းများပေးအပ်လှူဒါန်းကြရာ ဘားအံမြို့ပေါ်ရှိ အဘိုး အဘွား(၂၈၇)ဦးအတွက် ဘိုးဘွားတစ်ဦးလျှင် အလှူငွေကျပ် ၅၀၀၀ဝိ/-(ငါးသောင်းကျပ်)နှုန်းနှင့် လှူဖွယ်ပစ္စည်း တန်ဘိုး ၃၃၀၀ဝိ/-(သုံးသောင်းသုံးထောင်)နှုန်း၊ စုစုပေါင်း ၈၃၀၀ဝိ/-(ရှစ်သောင်းသုံးထောင်နှုန်း)၊ ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အခမ်းအနားသို့တက်ရောက်သော ဘိုးဘွား(၇၀)ဦးအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ဝိ/-(ငါးသောင်းကျပ်)နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၄၁၇၁၀၀ဝိ/- (နှစ်ရာ့လေးဆယ်တစ်သိန်း ခုနှစ်သောင်းတစ်ထောင်ကျပ်)ကို ပူဇော်ကန်တော့ခဲ့ကြပြီး အခမ်းနားသို့တက်ရောက်နိုင်ခြင်းမရှိသော ဘိုးဘွားများ အား သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက်ပူဇော်ကန်တော့သွားဖြစ်သည်။

            ထို့နောက် အဘိုးအဘွားများ ကိုယ်စားအဘိုးတစ်ဦးက ဆုမွန်ကောင်းစကားပြန်လည်ပြောကြားပြီး အခမ်း အနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုတ်သိမ်းကာ အခမ်းအနားအပြီးတွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန် ကြီးများဦးဆောင်သောအဖွဲ့က အဘိုးအဘွားများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

            ဆက်လက်၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက် ကရင်ပြည်နယ်ဇီဝိတဒါနငါးလွှတ်ပွဲကို ဘားအံမြို့၊ ဇွဲကပင်ခန်းမရှေ့ရှိ ကန်သာယာ Danking ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက ငါးခုံးမကြီး ကောင်ရေ ငါးသောင်းကို ဇီဝိတဒါန ငါးလွှတ်ပေးခဲ့ကြပါသည်။