ဘားအံ ဇွန် ၁၀
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များအား ဝတ်စုံများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များကိုထမ်းဆောင်နေကြသည့်တပ်ဖွဲ့ဝင်များဖြစ်ပြီး လူအများနှင့်အမြဲထိတွေ့ဆက် ဆံနေကြရသည့်အတွက် အများပြည်သူ၏ယုံကြည်လေးစားမှုကိုရရှိရန်လိုကြောင်း၊ ပြည်သူအများ၏ ယုံကြည်အားကိုး မှုကိုရရှိရန် အဝတ်အစားကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်၍ နေထိုင်ပြောဆိုသည်မှအစ စံနမူနာပြု ဖြစ်ဖို့လိုကြောင်း ပြော ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၂၂)လုံခြုံရေးတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များကိုယ်စား တပ်ဖွဲ့ခွဲမှူးထံသို့ လည်းကောင်း၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များကိုယ်စား ဘားအံခရိုင်ရဲတပ်ဖွဲ့မှူးထံသို့လည်းကောင်း၊ ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များကိုယ်စားရဲအကူတပ်ဖွဲ့ခွဲမှူးထံသို့လည်းကောင်း စုစုပေါင်းငွေကျပ် ၅၅၃၀၀၀၀(ငါးဆယ် ငါးသိန်းသုံးသောင်း)တန်ဖိုးရှိ ဝတ်စုံ ၁၅၈ စုံကိုထောက်ပံ့ပေးအပ်ရာ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းကျော်နိုင် က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ရဲတပ်ဖွဲ့ဝင်များအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ စက်မှုဇုန်အနီးရှိ ဇွဲကပင်ဘိုးဘွား ရိပ်သာသို့ သွားရောက်ပြီး သက်ကြီးအဘိုးအဘွားများအား အားပေးစကားများပြောကြား၍ အာဟာရဖြည့်စွက်အစား အစာများထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါဘိုးဘွားရိပ်သာတွင် အဘိုးအဘွားတို့၏ဘဝရပ်တည်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ တရားဘဝနာ ပွားများပြီး သောကကင်းဝေးနေထိုင်နိုင်ရေးအတွက် အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးထားကာ အဘိုး ၄ ဦး၊ အဘွား ၁၃ ဦး စုစုပေါင်း ၁၇ ဦးနေထိုင်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များက အဘိုးအဘွားများအား တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး အာဟာရဖြည့်စွက်အစားအစာများနှင့် ဂါရဝပြုထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းကြရာ အဘိုးအဘွားများက ဆုမွန် ကောင်းများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စားဖိုဆောင်၌ အဘိုးအဘွားများအတွက် နေ့စဉ်အဟာရ ချက်ပြုတ်ကျွေးမွေးနေမှုအခြေအနေ၊ ဘိုးဘွားရိပ်သာ ပရိဝုဏ်အတွင်းရှိ အဆောက်အဦများနှင့်ပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်မှုရှိစေရေးနှင့် အဘိုးအဘွားများ မတောင့်မတမကြောင့်မကျဘဲ တရားဘာဝနာပွားများနိုင်စေရေး လှည့်လည် ကြည့်ရှုစစ်ဆေးကာ အဘိုးအဘွားများအား တစ်ပတ်တစ်ကြိမ်ခန့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးနိုင်ရေး နှင့်အခြားလိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေနိုင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီရိဟေမာ သီလရှင်စာသင်တိုက်တွင် ပြည်နယ်လမ်းဦးစီး ဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်း၍ သီလရှင်စာသင်ဆောင်နှင့်အိပ်ဆောင် ခေါင်မိုး၊ မျက်နှာကျက် ပြုပြင်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
သီရိဟေမာသီလရှင်စာသင်တိုက်တွင် ပညာသင်ယူနေသည့် သီလရှင်နှင့်ကျောင်းသူ စုစုပေါင်း ၁၀၀ ကျော် ရှိပြီး ၉၀ ပေ x ၂၅ ပေ စာသင်ဆောင်နှစ်ဆောင်နှင့် ၉၀ ပေ x ၂၅ ပေ သီလရှင်အိပ်ဆောင် နှစ်ဆောင် ခေါင်းမိုး နှင့်မျက်နှာကျက်များ ပျက်စီးယိုယွင်းနေသည့်အတွက် ဌာနဆိုင်ရာများကစုပေါင်းပြင်ဆင်လှူဒါန်းပေးခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပါသည်။