ဘားအံ - အောက်တိုဘာ (၃)

            ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ(MSMEs)အတွက် လိုအပ်သောဘဏ္ဍာရေးဆိုင်ရာအကူအညီများ၊ ဘဏ်ဝန်ဆောင်မှုများနှင့် သက်ဆိုင်ရာလုပ်ငန်း လိုအပ်ချက်များအပေါ်အခြေခံပြီး ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် မြန်မာအရှေ့တိုင်းဘဏ်လီမိတက် (MOB ဘဏ်)နှင့် ကရင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့သည့် အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

            ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညီညီဇော်က Kayin CCI နှင့် MOB ဘဏ်တို့အကြား နားလည်မှုစွာချွန်လွှာလက်မှတ်ရေးထိုးခြင်းသည် Kayin CCI နှင့်အတူ အသင်းဝင်ညီနောင်စီးပွားရေး အသင်းအဖွဲ့များနှင့် MOB Bank တို့ကြား ပိုမိုနက်ရှိုင်းသော မိတ်ဖက်ဆက်ဆံမှုကို ဖြစ်ပေါ်စေပြီး လုပ်ငန်းရှင်များကြုံတွေ့ နေရသည့် ငွေကြေးအရင်းအနှီးနှင့်နည်းပညာဆိုင်ရာအထောက်အကူများ ပံ့ပိုးပေးနိုင်ရေး တတ်စွမ်းသမျှ အတူတကွ ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက် ကရင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း Kayin CCI ဥက္ကဋ္ဌနှင့် မြန်မာအရှေ့တိုင်း ဘဏ်လီမိတက် MOB Bank ဥက္ကဋ္ဌတို့က ပြည်နယ်ဝန်ကြီးအား အမှတ်တရကျောက်စီပန်းချီကားနှင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သိန်း(၅၀)ကို ပေးအပ်လှူဒါန်းပြီး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအတွက် ရှင်းလင်းပြောကြားကြ ကာ ဧရာဝတီတိုင်းဒေသကြီး စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ARCCI ဥက္ကဋ္ဌက နှုတ်ခွန်းစကားပြောကြား၍ Kayin CCI နှင့် MOB ဘဏ်တို့က တက်ရောက်လာသူများရှေ့မှောက်တွင် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။

            ယင်းနောက် မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ တာဝန်ရှိသူတစ်ဦးက ဘဏ်လုပ်ငန်းဝန်ဆောင်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သိရှိလိုသည်များပြန်လည်မေးမြန်းဆွေးနွေးကြရာ MOB Bank မှ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကာ Kayin CCI နှင့် MOB ဘဏ်တို့အကြား အမှတ်တရလက်ဆောင်များလဲလှယ် ခဲ့ကြပါသည်။