ဘားအံ - ဇန်နဝါရီ (၈)
ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံမှုရာခိုင်နှုန်း တိုးတက်မြင့်မားရေးအတွက် ဆီထွက်သီးနှံများကို နှစ်စဉ် တိုးချဲ့စိုက်ပျိုးခြင်းနှင့် အထွက်နှုန်းတိုးတက်ထွက်ရှိအောင်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်းဆီထွက်သီးနှံ ၇၆၉၂၃ ဧကစိုက်ပျိုးထုတ်လုပ်သွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာနှင့်ဝါးဆူးကျေးရွာတို့ရှိ ဆောင်းဆီထွက်သီးနှံ စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
ကရင်ပြည်နယ်အတွင်း ဆောင်းဆီထွက်သီးနှံများအနေဖြင့်ဆောင်းမြေပဲ၊ဆောင်းနှမ်းနှင့်နေကြာတို့ကိုအဓိကထား စိုက်ပျိုးလျှက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ ကွင်းအမှတ် ၁၂၀၇(က)နှင့် ၁၂၀၇(ခ)ရှိ စိုက်ဧကပေါင်း ၅၇၇ ဧကပေါ်တွင် ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးပြီးစီးမှုနှင့် တစ်ဧကအထွက်နှုန်း တိုးတက်ရရှိရေး ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဒေသတွင်းဆီထွက်သီးနှံတိုးတက်စိုက်ပျိုးမှုနှင့် ဆီဖူလုံမှုအခြေအနေ၊ နွေစပါးနှင့်ဆောင်းဆီထွက်သီးနှံအထူးဇုန် (၁၄၃၀ ဧက)ဆောင်ရွက်မည့်အစီအစဉ်၊ နွေစပါးနှင့် အထွက်နှုန်းတိုးတက်ရေးနည်းပညာပေးစံပြကွက်များဆောင်ရွက်မည့် အစီ အစဉ်တို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တစ်ဧကပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိရေး ကြိုးပမ်း ဆောင်ရွက်ကြရန်၊ အစေ့အဆံများ ကြီးထွားအောင်မြင်စေရေး လိုအပ်သည့်သွင်းအားစုများထည့်သွင်းဆောင်ရွက်ပေးရန် နှင့် တောင်သူအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအားမှာကြားကာ တက်ရောက်လာသောတောင်သူများအား ဂျစ်(ပ်)ဆမ်ကျောက်မှုန့်မြေဩဇာအိတ်များနှင့် ရွက်ဖြန်းမြေဩဇာထုပ်များကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆောင်းဆီထွက်သီးနှံစိုက်ခင်းဧရိယာအတွင်း စိုက်ပျိုးထားရှိသည့် ပဲတီစိမ်းစိုက်ခင်းများအား တောင်သူများက ရွက်ဖြန်းမြေဩဇာများ စုပေါင်းပက်ဖြန်းခြင်းကို ကြည့်ရှု အားပေးပြီး ဘားအံမြို့နယ်၊ ဝါးဆူးကျေးရွာ အနောက်ဘက်ကွင်းရှိ ဆောင်းဆီထွက်သီးနှံ(မြေပဲ)စိုက်ခင်းအား ကြည့်ရှု အားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ကရင်ပြည်နယ်အတွင်း ယခင်နှစ်က စားသုံးဆီဖူလုံမှု ၈၄ ဒဿမ ၄၅ ရာခိုင်နှုန်းခန့်သာရှိခဲ့ပြီး ဆီဖူလုံမှုတိုးတက် စေရေး ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆောင်းမြေပဲ ၃၁၆၀၇ ဧက၊ ဆောင်းနှမ်း ၄၁၇၅၀ ဧကနှင့် နေကြာ ၃၅၆၆ ဧက စုစုပေါင်းဆောင်းဆီထွက်သီးနှံ ၇၆၉၂၃ ဧက စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိကာ ယခုအခါ ဆောင်းဆီထွက်သီးနှံ ၇၅၀၆၁ ဧကကို စိုက်ပျိုးပြီးစီးကြောင်းနှင့် လျာထားဧကပြည့်မီကျော်လွန်ရေး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေး တာဝန်ရှိသူအဆင့်ဆင့်က ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။















