ဘားအံ - ဇန်နဝါရီ (၆)

            ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို လှိုင်းဘွဲမြို့နယ်အတွင်း အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက လှိုင်းဘွဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

 ထိုသို့ တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း-၂ ကို လှိုင်းဘွဲမြို့နယ်အတွင်း အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေး၊ ရာနှုန်းပြည့်ဆန္ဒမဲလာရောက် ပေးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း(ကရင်ပြည်နယ်တာဝန်ခံ) က လှိုင်းဘွဲမြို့နယ်အတွင်း ရွေးကောက်ပွဲအပိုင်း(၂)အောင်မြင်စွာကျင်းပနိုင်ရေး၊ ကြိုတင်မဲပေးနိုင်ရေးနှင့် အများပြည်သူ အောင်မြင်စွာ မဲပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး နယ်မြေခံတပ်နယ်အရာရှိတစ်ဦးက လုံခြုံရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

            ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးညီညီဇော်က ပြည်နယ်အတွင်းဆောင်ရွက်မည့် ရွေးကောက်ပွဲ အပိုင်း(၁)၊အပိုင်း(၂)၊အပိုင်း(၃)များကို အောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲကာလမတိုင်မီကြိုတင် ပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ ရွေးကောက်ပွဲကာလဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ဆန္ဒမဲပေးပြီးကာလဆောင်ရွက်ရမည့်ကိစ္စ ရပ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးမင်းရွှေက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေး ဆောင်ရွက်ရမည့်အသေးစိတ်အချက်အလက်များကို ရှင်းလင်းပြောကြားကာ လှိုင်းဘွဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။

            ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ဥက္ကဋ္ဌနှင့်တွေ့ဆုံပွဲသို့တက်ရောက်လာသောရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက အများပြည်သူရာနှုန်းပြည့်ဆန္ဒမဲပေးနိုင်ရေးဆိုင်ရာများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။