ဘားအံ - ဇန်နဝါရီ (၅)
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံသော (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့(လွတ်လပ်ရေးနေ့)ညပိုင်းက ပြည်နယ်အစိုးအဖွဲ့ရုံးရှေ့ဥပစာ မြက်ခင်းပြင်၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့ အစည်းများမှကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြား ထားသောဧည့်သည်တော်များတက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ညစာကိုအတူတကွသုံးဆောင်ခဲ့ကြကာ ညစာမသုံးဆောင်မီနှင့် သုံဆောင်နေစဉ်အတွင်း ကရင် ပြည်နယ်ဂီတအစည်းအရုံးမှ တေးသံသာများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုပန်း ခြင်းနှင့်ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
အလားတူ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပဒေသာကပွဲကို ဘားအံမြို့၊ သီရိကွင်း၊ ဒုံးစင်မြင့် ထက်၌ ညနေ ၆ နာရီအချိန်မှစ၍ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ အခြေခံပညာနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများက တိုင်းရင်းသားတို့၏ရိုးရာယည်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ လျှပ်စစ်ဆိုလာတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာ ရွာလယ်ကျောင်းတိုက်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား များအနေဖြင့် သင်တန်းနည်းပြများ၏ စာတွေ့၊လက်တွေ့နှင့်လုပ်ငန်းခွင်ဆိုင်ရာအတွေ့အကြုံအသိပညာရပ်များ သင်ကြား ပို့ချမှုကို လက်တွေ့ဘဝနယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ရန် အားသွန်ခွန်စိုက်ကြိုးစားအားထုတ်သင်ယူ၍ မိမိတို့၏ မိသားစု၊ ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဖွင့်လှစ်ခဲ့သောသင်တန်းများမှ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ များရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသားများအားရင်းနှီးနွေးထွေးစွာတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။















