ဘားအံ - ဒီဇင်ဘာ (၃၁)

            ဆောက်လုပ်ရေးဝန်ကြီးဌာန၊လမ်းဦးစီးဌာနအနေဖြင့် အဓိကလမ်းမကြီးများနှင့်ဆက်စပ်လမ်းများ၊ နိုင်ငံတကာနှင့် ဆက်သွယ်သည့်ပြည်ထောင်စုလမ်းမကြီးများကို (၂၄)ပေအကျယ်ကတ္တရာကွန်ကရစ်လမ်းအဆင့်ရောက်ရှိအောင် ဘဏ္ဍာ ရေးနှစ်အလိုက် အဆင့်ဆင့်တိုးမြှင့်ဖောက်လုပ်ရန် လုပ်ငန်းစဉ်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံ-လှိုင်းဘွဲလမ်း(၂၄)ပေအကျယ် ကတ္တရာလမ်းဖွင့် ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

             ဘားအံ-လှိုင်းဘွဲလမ်းသည် အရှည် ၂၁ မိုင် ၆ ဖာလုံရှိပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၈၅၇ ဒဿမ ၀၆၀)သန်းဖြင့် ဝေပုံမြကုမ္ပဏီနှင့် ဝေဇယံဆောက်လုပ်ရေးကုမ္ပဏီတို့က လမ်းအရှည် (၁)မိုင်(၁)ဖာလုံအား (၁၈)ပေအကျယ်မှ(၂၄)ပေအကျယ်ကတ္တရာလမ်းချဲ့ပြီးစီး၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အဆိုပါလမ်းပိုင်းအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လမ်းဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာ၊ပန်းပွားအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ကြကာ လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ယင်းနောက် ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင်လည်း မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လမ်းပန်းဆက်သွယ်ရေးပိုမိုတိုးတက်ကောင်းမွန်လာ စေရေးအတွက် အဓိကလိုအပ်လျက်ရှိသော လမ်း၊တံတားလုပ်ငန်းများကို ဆက်လက်အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင်လည်း ယခုကဲ့သို့ပင် အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြော ကြားသည်။

            ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးတင်ဆောင် က လမ်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သည် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများပြောကြားခဲ့သည်။

            ဒေသခံပြည်သူများ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး၊ ပညာရေး၊ကျန်းမာရေး၊ကူးသန်းရောင်းဝယ်ရေး ၊ လူမှုရေး၊ စီးပွားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး ပြည်နယ်အစိုးရအဖွဲ့၏ငွေလုံးငွေရင်းရန်ပုံငွေကျပ်(၃၄၇၇ ဒဿမ ၅၁၇ )သန်းဖြင့် ဘားအံ-လှိုင်းဘွဲလမ်းမကြီးပေါ်တွင် (၃၆)ပေအကျယ် ကတ္တရာကွန်ကရစ်(AC)လမ်း(၁)မိုင်(၁)ဖာလုံ၊ (၂၄)ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း(၂)မိုင်(၆)ဖာလုံ တို့ကိုလည်းဆောင်ရွက်ပေးခဲ့ပါသည်။