ဘားအံ - ဇန်နဝါရီ (၃)

            (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံစက်မှုဇုန်တွင် ရွှေငါးသုံးကောင်ကုမ္ပဏီ လီမိတက်၏ အဆင့်မြင့်စားအုန်းဆီသန့်စင်စက်ရုံ ဖွင့်ပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီက ဇုန်အမှတ်(၄)ရှိ အဆိုပါစက်ရုံ တည်နေရာ၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုး ရအဖွဲ့ဝင်များက အဆင့်မြင့်စားအုန်းဆီသန့်စင်စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေး ကြသည့် ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆင့်မြင့်စားအုန်းဆီသန့်စင်စက်ရုံအတွင်း ထုတ်ပိုးမှု ဆိုင်ရာပစ္စည်းများ၊ တစ်ရက်လျှင်(၃)တန်ခန့်သန့်စင်နိုင်သော ဆီသန့်စင်စက်၊ ထုပ်ပိုးမှုအခန်း ၊ အရည်အသွေးစစ်ဆေး သည့်နေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

            ယင်းနောက် စက်ရုံဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမှာစကား ပြောကြားပြီး ဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က အဆင့်မြင့်စားအုန်းဆီသန့်စင် စက်ရုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ရွှေငါးသုံးကောင်ကုမ္ပဏီလီမိတက်၏ မန်းနေဂျင်းဒါရိုက်တာဦးစိန်တင်အောင် က ကျေးဇူးတင် စကားပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စက်ရုံဖွင့်ပွဲသို့တက်ရောက် လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

                အလားတူ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဘားအံမြို့နယ်၊ ကမ်းကလေး-ကျုံပိုက် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

            အဆိုပါကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီ ပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြကာ အရှည်(၂၀၃၃)ပေရှိ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ယင်းနောက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသူများအား ရင်းနှီး နွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။