ဘားအံ - ဒီဇင်ဘာ (၁၁)

            ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကရင် ပြည်နယ်အစိုးရအဖွဲ့(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် မိုးမြေချမ်းသာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ဘားအံမြို့နယ်၊ သာယာမြိုင်-တူနွဲ(မိန်းမရှာ)-ထားဝယ်အံ-တဝန်သံ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၁၁ ရက် နေ့ နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

            အဆိုပါလမ်းကို ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့် ဘင်ခရာ၊ပန်းပွားအဖွဲ့တို့နှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ များရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လမ်းအားဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ထို့နောက် လမ်းဖွင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့လမ်း၊တံတားများ တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခြင်းသည် ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ တည်ငြိမ်အေးချမ်မှုကို မြတ်နိုးတန်ဖိုး ထား၍ ရရှိလာသောအသီးအပွင့်များဖြစ်ပြီး တန်ဖိုးထားဝိုင်းဝန်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးညွှန်ကြားရေးမှူးက ကွန်ကရစ်လမ်းခင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဒေသခံ ပြည်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တက်ရောက်လာ သောဒေသခံပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

            ဆက်လက်၍ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းလုပ်ငန်း အထိမ်းအမှတ်အခမ်းအနားကို နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က သားအိမ် ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို မိန်းကလေးငယ်များအား ဆောလျင်စွာထိုးနှံခြင်းက သားအိမ်ခေါင်းကင်ဆာရောဂါ စအိုနှင့်လိင်အင်္ဂါကြွက်နို့ဖြစ်ပွားခြင်းကို အစောဆုံးကာကွယ်မှုရရှိနိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်သည့်အတွက် ယခု ဆောင်ရွက်မည့် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအောင်မြင်စေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းလုပ်ငန်းနှင့်ပတ်သက်၍ Video Clip ကို ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက အသက်(၉)နှစ်မှ (၁၁)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးကာ အာဟာရဖြည့်စွက်အစားအစာများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။