ဘားအံ - နိုဝင်ဘာ (၁၁) 

         နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲကို နိုဝင်ဘာလ ၅ ရက်နေ့ညမှစ၍ ဒုံးအဖွဲ့(၂၀)ဖွဲ့ ဖြင့် ကပြဖျော်ဖြေယှဉ်ပြိုင်စေခဲ့ရာ နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းက ဒုံးအကပြိုင်ပွဲဆုချီးမြှင့်ပွဲကို ဘားအံမြို့၊ သီရိကွင်း ဒုံးစင်မြင့်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ဆုချီးမြှင့်ခဲ့ကြသည်။ ဆုချီးမြှင့်ပွဲမတိုင်မီ ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့များက ဒုံးအကများဖြင့်သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွှန့်လင်းတို့က ဒိုင်အဖွဲ့ဂုဏ်ပြုဆု၊ ဒုံးအကဘက်စုံ နှစ်သိမ့်ဆုများ၊ ရာဓညာဆုတောင်တေး ပဥ္စမဆုမှ ပထမဆုထိ၊ တေးသီချင်းဆု ပဥ္စမဆုမှ ပထမဆုထိ၊ ဒုံးအကဘက်စုံအထူးဆု၊ ဒုံးအကဘက်စုံပဥ္စမဆုမှတတိယဆုထိ ဆုရရှိသည့်ဒုံးအဖွဲ့များကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ကဒုံးအက ဘက်စုံဒုတိယဆု ရရှိသော ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)ယဉ်ကျေးမှုဒုံးအဖွဲ့အား ငွေကျပ်(၄၅)သိန်းနှင့်ဆုဖလား တို့ကိုပေးအပ် ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒုံးအကဘက်စုံ ပထမဆုနှင့် ဒုံးအကဘက်စုံတံခွန်စိုက်ဆု ရရှိသော သင်းပျံ့ပွင့်လန်းနယ်စပ်ပန်းရွှေကုက္ကိုလ်မြိုင်ယဉ်ကျေးမှုဒုံးအဖွဲ့အား ငွေသားဆု (၁၂၅)သိန်းနှင့် တံခွန်စိုက်ဆု ဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ထို့နောက် ရာဓညာဆုတောင်းတေးပထမဆုရရှိသော မြဝတီခရိုင်ယဉ်ကျေးမှုဒုံးအဖွဲ့၊ ဒုံးအကဘက်စုံပထမဆုနှင့် ဒုံးအကဘက်စုံတံခွန်စိုက်ဆုရရှိသော သင်းပျံ့ပွင့်လန်းနယ်စပ်ပန်းရွှေကုက္ကိုလ်မြိုင်ယဉ်ကျေးမှုဒုံးအဖွဲ့တို့က ပြန်လည်ကပြ ဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ သည်။ အလားတူ နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲတော်ကို ပြပွဲ၊ ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစား ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာဆင်ယင်ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဒုံးအက ပြိုင်ပွဲဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံကျော်တေးသံရှင် ဟဲလေး၊ D ဖြိုး၊ ဂေးဂေးတို့နှင့်အတူ ဒေသခံကရင်တိုင်းရင်းသားတေးသံ ရှင်များပါဝင်သော စင်တင်တေးဂီတဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြ သည်။ ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် Precision Auto Engineering Co.Ltd ၏ သုံးဘီးနည်း ပညာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း သင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ် (၅)ရပ်ကွက်၊ ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ လူငယ်စင်တာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က သင်တန်းသားများအနေဖြင့် သင်တန်းတွင်ပို့ချသည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ကြိုးစားသင်ယူခဲ့ရပြီး လုပ်ငန်းခွင်နယ်ပယ်တွင် အသုံးချနိုင်သည်အထိ ကြိုးစားလေ့လာကြစေလိုကာ စာတွေ့ကိုအခြေခံ၍ လက်တွေ့ ကျွမ်းကျင် သူများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး Precision Auto Engineering Co.Ltd Training and Project Manager က သင်တန်းဆင်းလက်မှတ် များပေးအပ်ချီးမြှင့်ကာ သင်တန်းသားတစ်ဦးကကျေးဇူးတင်စကားပြောကြား၍ Precision Auto Engineering Co.Ltd Training and Project Manager က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယနေ့သင်တန်းဆင်းပွဲတွင် သင်တန်းသား ၂၅ ဦးက အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့ထိ သုံးဘီးနည်းပညာဆိုင်ရာစက်ပြင်သင်တန်းကို (၁၀)ရက်ကြာ အခမဲ့သင်ယူပြီးမြောက်သင်တန်းဆင်းခဲ့ကြခြင်းဖြစ်ပြီး ပြည်နယ်၏စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းရရှိ ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့်သင်တန်းဖြစ်ပါသည်။