ဘားအံ - စက်တင်ဘာ(၁)

            ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တိုင်းရင်းသားဘာသာစာပေသင်ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံ ပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘာသာစကားနှင့်စာပေဆိုသည်မှာ လူမျိုးတစ်မျိုး၏အသက် ဝိဉာဉ်ဖြစ်ပြီး စာပေပျောက်လျှင် လူမျိုးပျောက်မည်ဖြစ်သကဲ့သို့ စာပေမြင့်မှလူမျိုးတင့်မည်ဖြစ်ရာ ဘာသာစာပေကို မျိုးဆက်သစ်လူငယ်များ ဆက်လက်ထိန်းသိမ်းနိုင်စေရန် တိုင်းရင်းသားဘာသာစာပေသင်ဆရာ၊ဆရာမများကို အခြေခံပညာကျောင်းများတွင် သင်ကြားရေးဆရာ၊ဆရာမများနှင့်အတူ ခန့်ထားရခြင်းဖြစ်ကာ တိုင်းရင်းသား မျိုးဆက်သစ်များ၏ ဘာသာ၊ စာပေဖွံ့ဖြိုးရေးကို အားကြိုးမာန်တက်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ သင်တန်းမှ ရလဒ်ကောင်းများရရှိစေရန် ပညာရေးဒီဂရီကောလိပ် ဆရာ၊ဆရာမများ၏ အားသွန်ခွန်စိုက်ညွှန်ကြားပြသပေးနေမှုကို စနစ်တကျနာယူမှတ်သားလေ့လာကြပြီး မိမိတို့၏တိုင်းရင်းသားကလေးသူငယ်များကို ထိရောက်စွာပြန်လည် သင်ကြား ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားပြီး တိုင်းရင်းသားဘာသာစာပေသင်ဆရာ၊ဆရာမ ၄၇ ဦး အတွက် ငွေကျပ် ၉၄၀၀၀ဝိ/-(ကိုးသိန်းလေးသောင်းကျပ်)ကို ချီးမြှင့်ပေးအပ်သည်။

            ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာအချက်အလက်များ ကို ရှင်းလင်းတင်ပြပြီး သင်တန်းသား၊သင်တန်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ သင်တန်းသား၊ သင်တန်းသူများက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            ယနေ့ဖွင့်လှစ်သည့် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲတွင် ဘားအံပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ဆရာမများက အခြေခံဘာသာစကားသင်ပြနည်း၊ နိုင်ငံချစ်စိတ်နှင့်ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ဖွံ့ဖြိုးရေး၊ စာရိတ္ထနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အစရှိသည့်ဘာသာရပ်များကို စက်တင်ဘာလ ၁ ရက်နေ့မှ ၁၂ ရက် နေ့ထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သည် ဆရာ၊ဆရာမ၊ သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

            ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အခမ်းအနား ကျင်းပရေးကော်မတီ ၏ (၁/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် စီမံခန့်ခွဲရေးကော်မတီနှင့်အထောက်အကူပြုကော်မတီ ၁၈ ခုကိုဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ယခင်နှစ်များထက်ပိုမိုစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ အထိမ်းအမှတ် ပြိုင်ပွဲများထည့်သွင်းကျင်းပနိုင်ရေး၊ MSME ထုတ်ကုန်ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများနှင့် ပြည်သူအသိပညာပေး ပြခန်းများခင်းကျင်းပြသနိုင်ရေး၊ ဒုံးအကပြိုင်ပွဲနှင့်ပျော်ပွဲရွှင်ပွဲများထည့်သွင်းကျင်းပနိုင်ရေး အလေးအနက်ထား ဆောင်ရွက်ပေးကြစေလိုကြောင်း၊ လိုအပ်သည်များနှင့်အခက်အခဲများရှိပါက တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လုံခြုံရေးဆိုင်ရာများ၊ ပြခန်းများခင်းကျင်းပြသနိုင်ရေး၊ ရန်ပုံငွေ ရှာဖွေသုံးစွဲရေး၊ သန့်ရှင်းသာယာလှပရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြပြီး အထောက်အကူပြုလုပ်ငန်းကော်မတီ အတွင်းရေးမှူးများက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ဆွေးနွေးတင်ပြကြသည်။

            ယင်းနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြ ရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။