ဘားအံ - ဩဂုတ် (၁၂)

            ကရင်ပြည်နယ် ၂၀၂၅ ခုနှစ် မိုးရာသီ(စတုတ္ထအကြိမ်)သစ်ပင်စိုက်ပွဲကို ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီ က ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ၊ အမှတ်(၂)ဘိလပ်မြေစက်ရုံ၊ တန်(၄၀၀၀)၌ ကျင်းပသည်။

            သစ်ပင်စိုက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သစ်ပင်စိုက်ပျိုးရာတွင် တစ်ပင်စိုက်တစ်ပင်ရှင် စိုက်သမျှအပင်ရှင်သန်ရန် အလွန်အရေးကြီးပြီး စတင်စိုက်ပျိုးခြင်းမှသည် ကြီးပြင်းသည်အထိ ရေလောင်းခြင်း၊ ပေါင်းရှင်းခြင်း၊ မီးကာကွယ်ခြင်း၊ သေပင်ဖာထေးခြင်း၊ ကျွဲ၊ နွား၊ ဆိတ်စသည့်တိရစ္ဆာန်များ ဖျက်ဆီးမှုမရှိစေရေး ကာကွယ်ခြင်းလုပ်ငန်းများကို ရာသီအလိုက်လုပ်ဆောင်နိုင်မှသာ စိုက်ပျိုးပြီးအပင်များကို ကြီးအောင်ပြစု၊ မြဲအောင် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြိုင်ကလေး၊ အမှတ်(၂)ဘိလပ်မြေစက်ရုံ၊ တန်(၄၀၀၀) စက်ရုံမှူးကြီးထံ အမှတ်တရသစ်ပင်များကို ပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာသူများနှင့်အတူ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော် ဂနီ၊ တမာ၊ စုစုပေါင်းသစ်မျိုး (၅)မျိုး၊ ပျိုးပင် (၁၂၀၀)ပင်ကို လူထုလှုပ်ရှားမှုအသွင် စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ထိုသို့စုပေါင်းစိုက်ပျိုးနေမှုများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ဌာနေကိုယ်စားလှယ် Mr.Arnaud de Baecque နှင့်အဖွဲ့ အား ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

            ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် (ICRC) ဌာနေကိုယ်စားလှယ်တို့သည် ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာသူများ၏ အရေးကိစ္စများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ရေး၊ ခြေတုလက်တုနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာ သင်တန်းများကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြပါသည်။