ဘားအံ -ဩဂုတ် (၈)
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သောကျောင်းသား၊ကျောင်းသူများ၊ အောင်ချက် ကောင်းသော မြို့နယ်နှင့်ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို ဩဂုတ်လ ၈ ရက်နေ့ နံနက် ၉ နာရီ က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်ကျောင်းမှကျောင်းသား၊ကျောင်းသူများက အခမ်းအနားကို မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်၏ဂုဏ်ဆောင်ဖြစ်ကြသော ကျောင်းသားလူငယ် မောင်မယ်များသည် အခြေခံပညာအဆင့်တွင်အောင်မြင်မှုရရှိခဲ့ပြီး အဆင့်မြင့်တက္ကသိုလ်အသီးသီးကို ဆက်လက် တက်ရောက်ကာ ပြည်နယ်၏အတတ်ပညာရှင်၊ အသိပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစားရမည်ဖြစ်သကဲ့သို့ နောင်တစ်ချိန် နိုင်ငံ့တာဝန်၊ ပြည်နယ်၏တာဝန်အသီးသီးကို ပခုံးပြောင်းတာဝန်ထမ်းဆောင်နိုင်မည့် ထူးချွန်သော လူသားအရင်းအမြစ်များဖြစ်အောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ပံ့ပိုးကူညီ ပေးခဲ့သော ဘားအံတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ (၅)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင်(၂၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၂၇)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁၂၃)ဦး၊ STEAMS-1 ဘာသာတွဲ တွင် ပြည်နယ်အဆင့်အမှတ်အများဆုံး(၃)ဦး၊ STEAMS-2 ဘာသာတွဲတွင် ပြည်နယ်အဆင့်အမှတ်အများဆုံး(၃)ဦး၊ STEAMS-1 ဘာသာတွဲတွင် နိုင်ငံတော်အဆင့် ဒုတိယအဆင့်ရရှိသူ (၁)ဦး၊ အောင်ချက်အကောင်းဆုံးမြို့နယ်များ၊ အောင်ချက်အကောင်းဆုံးကျောင်းများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ယနေ့အခမ်းအနားတွင် ဂုဏ်ပြုဆု ပေါင်း(၂၀၈)ဆု၊ ဂုဏ်ပြုဆုငွေပေါင်း ၃၄၈၅၀၀၀ဝိ/-(သုံးရာလေးဆယ်ရှစ်သိန်းငါးသောင်း)ကျပ်ကို ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဆုရကျောင်းသား၊ကျောင်းသူများကိုယ်စား ဆုရကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဂုဏ်ပြုဆုရရှိကြသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။















