ဘားအံ - ဩဂုတ် (၆)
ဘားအံမြို့နယ်၊ လက္ခဏကျေးရွာရှိ မြေဧရိယာ ၃၂၀ ဧကပေါ်တွင် (၈၀)မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် တောင်ကလေးကျေးရွာရှိ မြေဧရိယာ ၄၀ ဧကပေါ်တွင်(၁၀)မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းအကောင်အထည်ဖော်ဆောင် ရွက်ရန် အဆိုတင်သွင်းသည့် Zeya & Associates Co.Ltd အား ဩဂုတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် Executive Director Zeya & Associates Co.Ltd က စီမံကိန်းမြေနေရာနှင့်စီမံကိန်းမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်မည့်ပုံစံ၊ System Configuration ၊ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ မြေငှားစာချုပ်နှင့်ဓာတ်အားဝယ်ယူရေးစာချုပ်ချုပ်ဆိုမည့်ပုံစံတို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက် ဆိုင်ရာဌာနများအလိုက် လိုအပ်သည့်ခွင့်ပြုမိန့်များရရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဓာတ်အားပေး စက်ရုံ စီမံကိန်းအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုက်တွန်းပြောကြားသည်။
အဆိုပါ ဓာတ်အားပေးစက်ရုံစီမံကိန်းများကို ရင်းနှီးမြှုပ်နှံပမာဏ အမေရိကန်ဒေါ်လာသန်း(၇၀)ကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Letter of Acceptance လက်မှတ်ရေးထိုးပြီး ရက်ပေါင်း(၅၅၀)အတွင်း စတင်လည်ပတ်နိုင်မည်ဖြစ်ကာ အဆိုပြုစီမံကိန်းကာလ မှာ ၂၀ နှစ် + ၅ နှစ်+ ၅ နှစ်ဖြစ်ကြောင်း သိရသည်။















