ဘားအံ - မေ (၁၀)

            ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ် စေရေး ကဏ္ဍပေါင်းစုံမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့သန့်ရှင်းသာယာလှပရေးနှင့်ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့တွင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဗြဟ္မာကြီးချောင်းတံတားတိုးချဲ့ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူနှင့်အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်တို့က ယခင်မူလတံတား ၂၂  ပေ အကျယ်မှာ လမ်းကွေ့ဖြစ်၍ယာဉ်အန္တရာယ်ဖြစ်စေပြီး သွားလာမှုခက်ခဲစေသဖြင့် တန်(၆၀)ခံဝန်အားရှိသော သံကူ ကွန်ကရစ်အမျိုးအစား ၁၄ ပေအကျယ်ကို တိုးချဲ့တည်ဆောက်နေသည့်လုပ်ငန်းစဉ်အား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား၍ တိုးချဲ့တံတား တည်ဆောက်ရေးလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မကြာမီကာလအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာပညာသင်ကြားနိုင် ရေး ကျောင်းများ၌ ရပ်ကွက်နေပြည်သူများနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေ မှုများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ မဲဘောင်အလယ်တန်းကျောင်း(ခွဲ)နှင့် တောင်ကလေး အထက်တန်းကျောင်းတို့တွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင် ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုစုပေါင်းအင်အား ၁၀၇၅ ဦးခန့်သည် စာသင်ကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ စွန့်ပစ်ပလက်စတစ်နှင့်အမှိုက်များဖယ်ရှားရှင်းလင်း ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးရေနုတ်မြောင်းမျာတူးဖော်ပေးခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အဆိုပါကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂများနှင့် ရေ၊ မီး၊ မိလ္လာများ ပြည့်စုံလုံလောက်မှုရှိစေရေး ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းနေပျော်၍ စာတော်သော ကျောင်းသား၊ ကျောင်းသူများဖြစ်စေရေး ကျောင်းများကို သန့်ရှင်းသာယာသောပတ်ဝန်းကျင်ကောင်း များအဖြစ် အစဉ်ဖန်တီးပေးကြရန် တာဝန်ရှိသူများအား မှာကြားသည်။

            အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ပေါ်ရပ်ကွက် မြေနိမ့်ပိုင်းနေရာများတွင် မိုးရာသီ ကာလရေကြီးရေလျှံမှုလျော့ချနိုင်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ အထက(၁)ကျောင်းလမ်း၊ ရေမြောင်းပလက်ဖောင်းပြုလုပ်ခြင်း(၅၇၃)ပေ၊ အမှတ်(၇)ရပ်ကွက် သခင်မြလမ်း ဘေးဝဲယာကျောက်စီရေမြောင်းပြုလုပ်ခြင်း(၂၁၇၀)ပေ၊ မန်းဘခိုင်လမ်းကျောက်စီရေမြောင်းပြုလုပ်ခြင်း(၄၁၂၀)ပေ၊ မမြလေးလမ်း(၉၁၀)ပေ၊ မင်းရဲကျော်စွာလမ်း(၁၄၄၀)ပေ၊ ဘုရင်းနောင်လမ်း(၂၅၈၀)ပေနှင့် အမှတ်(၇)ရပ်ကွက် အတွင်း Box Culvert (၂၈)စင်း ပြုလုပ်ခြင်းနှင့် အမှတ်(၆)ရပ်ကွက် သီရိဈေးနှင့်စောစံစီဖိုးလမ်းကြား သီရိလမ်း ရေမြောင်းပလက်ဖောင်းပြုလုပ်ခြင်းတို့အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး နှင့်တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။