ဘားအံ - ဖေဖော်ဝါရီ (၁၈)
ကရင်ပြည်နယ် အစွန်အဖျားနေရာဒေသအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုအားနည်းပြီး အကြမ်းဖက် ဖြစ်စဉ်များကြောင့် ဘားအံမြို့နယ်အတွင်း ပြောင်းရွေ့နေထိုင်ကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်သည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သဘာဝဘေးအန္တရာယ်ကျရောက်မှုတွင်ပါဝင်သော အကြမ်း ဖက်သမားများ၏တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် တပ်ရင်းတပ်ဖွဲ့များ၊ ဝန်ထမ်းများ၊ ပြည်သူများ စသည်ဖြင့် အိမ်ထောင်စုပေါင်း(၃၄၀၄)စု၊ လူဦးရေ(၁၂၆၈၉)ဦးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင်ငွေကျပ် ၂၀၀၀ဝိ/-(နှစ်သောင်း)နှုန်းဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်ရှိ နေရပ်စွန့်ခွာပြည်သူများ၏ ကျန်းမာရေး၊ ပညာသင်ကြားရေး၊ အေးချမ်းစွာနေထိုင်စားသောက်နိုင် ရေးအတွက် အမြဲသတိပြုကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိပြီး နေရပ်စွန့်ခွာဝန်ထမ်းများလည်း မိမိတို့၏ဌာနလုပ်ငန်း တာဝန်ကို စိုးရိမ်ကြောင့်ကြကင်းစွာဖြင့် တာဝန်ကျေပွန်အောင်ဆောင်ရွက်ပေးကြစေလိုကာ ပြည်သူများအနေဖြင့် လည်း နေထိုင်စဉ်ကာလအတွင်း ခိုက်ရန်ဖြစ်ပွားမှုမရှိဘဲ ရင်းနှီးချစ်ခင်စွာနေထိုင်ကြရန်၊ သန့်ရှင်းသည့်သောက်သုံးရေ အသုံးပြုကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန်၊ တာဝန်ရှိသူများ၏ပြောဆိုဆုံးမမှုကိုနာခံကြရန်နှင့် အခက်အခဲရှိပါက အထက်ဌာနများ၊ နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့များသို့ ချက်ချင်းသတင်းပို့ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့နယ်အတွင်း ရောက်ရှိလာသော နေရပ်စွန့်ခွာပြည်သူများ အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၂၅၃၇ ဒဿမ ၈ သိန်း (နှစ်ထောင့်ငါးရာသုံးဆယ်ခုနှစ်သိန်းရှစ်သောင်းကျပ်)ကို ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးထံ ချီးမြှင့်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များက တက်ရောက်လာသောယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင်ငွေကျပ် နှစ်သောင်းနှုန်းဖြင့် တစ်ဦးချင်းစီ၏လက်ဝယ်အရောက်ချီးမြှင့်ပေးအပ်ကြသည်။
ယင်းနောက် ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်အတွင်းရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ အချိုရည်နှင့်မုန့်များဝေငှပေးခဲ့ကြပါသည်။