ဘားအံ - နိုဝင်ဘာ (၁၆)
တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ ညဦးပိုင်းတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ နိဗ္ဗာန်ဈေး နှင့် မီးပုံးပျံလွှတ်တင်ပူဖော်ပွဲတို့ကို ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်းနှင့်မာန်းနဲစန်လမ်းတို့တွင် ဆင်ယင်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှလာရောက်ပါဝင်ဆင်နွှဲကြသူများ အထူးစည်ကားများပြားခဲ့သည်။
အဆိုပါပွဲတော်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်အတွင်းရှိပြည်နယ်သူ၊ပြည်နယ်သားများနှင့်အနယ်နယ်အရပ်ရပ်မှဘုရားဖူးလာရောက် လေ့လာလည်ပတ်ကြသည့်ခရီးသွားဧည့်သည်များအနေဖြင့် ယခုပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး အေးအေး ချမ်းချမ်းဖြင့် ပါဝင်ဆင်နွှဲကြရန် တိုက်တွန်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တန်ဆောင်တိုင် ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်း နှင့်မာန်းနဲစန်လမ်းတို့တွင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ကုမ္ပဏီများ၊ ရပ်ကွက်/ ကျေးရွှာများမှ ပုဂ္ဂလိကအလှူရှင်များ၏ စတုဒိသာမဏ္ဍပ်(၅၃)ခု၌ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကရင်မုန့်ဟင်းခါး၊ မြန်မာမုန့်အမျိုးမျိုး၊ ရွှေရင်အေး၊ ရေခဲမုန့်နှင့်အချိုရည်အမျိုးမျိုး အစရှိသော အစားအစာ ၁၆ မျိုးဖြင့် စုပေါင်းကုသိုလ် ပြုနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး ပါဝင်ဆင်နွှဲကြသည့် အနယ်နယ်အရပ်ရပ်မှမိဘပြည်သူများအား ခင်မင်ရင်းနှီးစွာနှုတ်ဆက်၍ ၎င်းတို့နှင့်အတူ တည်ခင်းဧည့်ခံသောအစားအစာများကို အတူတကွအားပေးသုံးဆောင် ခဲ့ကြသည်။
ထို့နောက် မြတ်စွာဘုရားရှင်အား မီးပုံးပျံလွှတ်တင်၍ ပူဇော်ခြင်းကုသိုလ်ထူးကိုရရှိခံစားနိုင်စေရန် တန်ဆောင် တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ဘားအံမြို့၊ မာန်းနဲစန်လမ်း၊ ကျော်ဇေယျလမ်းနှင့် ကန်သာယာပတ်လမ်းဆုံ မီးပုံးပျံ ကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မင်္ဂလာရွှေမောင်းအား သုံးချက်တီးခတ်၍ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ဖွင့်လှစ်ပေးခဲ့ပြီးပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ အမြင့် ပေ ၇၀၊ လုံးပတ် ၁၂၀ ပေနှင့် အောက်ခြေအချင်း ၁၀ပေခန့်အနည်းဆုံးအရွယ်ရှိ မီးပုံးပျံအကြီး ၁၁ လုံးကို ကရင်တိုင်းရင်းသားရိုးရာအဝတ်အထည်များ၊ လက်ကိုင်ပဝါ နှင့်လက်ကိုင်အိတ်များ၊ ငွေကြေးနှင့်ရောင်စုံအလံများချိတ်ဆွဲ၍ ကရင်ရိုးရာဒုံးအက များ၊ အိုးစည်၊ ဗုံမောင်းများ၊ အတီး အမှုတ်၊ အကအခုန်များဖြင့် အေးချမ်းပျော်ရွှင်စွာ လွှတ်တင်ပူဇော်ကြသည်နှင့်တစ်ပြို်ငနက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီမှ မီးပုံးပျံ(အသေး)အလုံး(၁၀၀)တို့ကို လွှတ်တင်ပူဇော်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များက မီးပုံးပျံလွှတ်တင်ပူဇော်ကြသည့်တစ်ဖွဲ့ချင်းစီအား ရင်းနှီးနွေးထွေးစွာလိုက်လံတွေ့ဆုံနှုတ်ဆက်၍ မီးပုံးပျံ လွှတ်တင်ပူဇော်မှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် တန်ဆောင်တိုင်မီးထွန်းပွဲတော်အနေဖြင့် ကန်သာယာပတ်လမ်းတစ်လျှောက်နှင့်ဦးပေါက်လမ်း တစ်လျှောက်တို့တွင် မီးအိမ်(၁၀၀၀)အား အလှဆင်ထွန်းညှိပူဇော်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အဆိုပါလမ်းတစ်လျှောက် ဖြတ်သန်းကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့သာမညဖလအခါတော်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ နံနက်မိုးသောက် ၅ နာရီမထိုးမီ မြတ်ဗုဒ္ဓအားရည်မှန်း၍ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ နိဗ္ဗာန်ဈေး စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်း၊ မီးပုံးအလှများထွန်းညှိပူဇော်ခြင်းတို့တွင် အနယ်နယ်အရပ်ရပ်မှပါဝင်ဆင်နွှဲကြသူများ အထူး စည်ကားများပြားသကဲ့သို့ ကျောင်းကန်ဘုရားများတွင် ဥပုဒ်သီတင်းသီလခံယူဆောက်တည်ကြသူများ၊ ဘုရားဖူးလာ ရောက်ကြသူများ၊ အများပြည်သူဆိုင်ရာနေရာများ၊ ခရီးစဉ်ဒေသများနှင့်အထင်ကရနေရာများတွင် အနားယူအပန်းဖြေ ကြသူများဖြင့် တစ်ရက်တာပတ်လုံး စည်ကားများပြားလျက်ရှိကြောင်း မြင်တွေ့ရသည်။